CNI International News

ဘေဂျင်း၊ မတ်လ ၈

အမေရိကန်အနေဖြင့် ဦးတည်ချက် မပြောင်းလဲဘူးဆိုလျှင် တရုတ်နှင့် အမေရိကန်တို့သည် ပဋိပက္ခနှင့် ထိပ်တိုက် တွေ့ဆုံနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း (Qin Gang)က အင်္ဂါနေ့ တွင် ပြောခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

နှစ်နိုင်ငံကြား ဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေ ဖြစ်နေချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်သော စကားလုံးအသုံးအနှုန်းများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည်နှစ် ဝန်ကြီးရာထူးကို ရရှိပြီးနောက် ပထမဆုံးသော သတင်းစာ ရှင်းလင်းပွဲတွင် ကျင်၏ ခက်ထန်သော စကားလုံး အသုံးအနှုန်းများက နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေချိန်တွင် တရုတ်အစိုးရသည် ၎င်းတို့ ၏ ရန်လိုသော wolf warrior သံတမန်ရေးကို စွန့်လွှတ်၍ ပို၍ပျော့ပြောင်းသော မူဝါဒမျိုးဖြင့် ချဉ်းကပ်မည် ဟူ သော ယူဆချက်များနှင့် ဆန့်ကျင့်ဘက်လည်း ဖြစ်သည်။

အမေရိကန်၏ တရုတ်မူဝါဒသည် လမ်းကြောင်း လွဲနေသည်ဟု ကျင်က ပြောသည်။

တရုတ်လွှတ်တော်၏ နှစ်ပတ်လည် အစည်းအဝေး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းကိုတွေ့ရစဉ် (EPA)

အမေရိကန်အနေဖြင့် ဘရိတ်မသုံးဘဲ လမ်းမှားအတိုင်း ဆက်သွားနေမည်ဆိုလျှင် မည်သည့် အကူပစ္စည်းကမှ လမ်းလွဲနေခြင်းကို တားဆီးနိုင်မည် မဟုတ်ဘဲ ပဋိပက္ခနှင့် ထိပ်တိုက် တွေ့ဆုံမှုများ သေချာပေါက် ရှိလာလိမ့်မည် ဟု ကျင်က ပြောသည်။

ထိုကဲ့သို့ ယှဉ်ပြိုင်မှုမျိုးသည် နှစ်နိုင်ငံ ပြည်သူများနှင့် အနာဂတ် လူသားမျိုးနွယ်များ၏ အကျိုးစီးပွားကို လောင်းကြေး ထပ်ထားသည့် လက်လွတ်စပယ် လောင်းကစားမှုသာဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျင်၏ ပြောစကားများသည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ တနင်္လာနေ့က မိန့်ခွန်းနှင့် တူညီမှုများ ရှိနေသည်။

အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများသည် တရုတ်နိုင်ငံအား ပိတ်ဆို့၊ ဖိနှိပ်မှုများ လုပ်ဆောင်နေ ကြောင်း၊ ယင်းက တရုတ်နိုင်ငံ၏ တိုးတက်မှုအတွက် ကြီးမားသည့် စိန်ခေါ်မှုများကို ဖြစ်စေကြောင်းနှင့် ယင်းကို ရဲဝံ့စွာဖြင့် ကြံ့ကြံ့ခံ ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း ရှီက ပြောခဲ့သည်ဟု Xinhua သတင်းတွင် ဖော်ပြထား သည်။

 အမေရိကန်ခေါင်းဆောင် ဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)

တစ်ဖက်တွင်လည်း အမေရိကန်အရာရှိများသည် တရုတ်၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ချဲ့ထွင်လာမှု၊ ထိုင်ဝမ် သို့ ကျူးကျော်နိုင်ခြေရှိမှု စသည်တို့ကြောင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေပြီး တရုတ်၏ အခြားနိုင်ငံများအပေါ် လွှမ်းမိုးမှုများကို တန်ပြန်ရန် အမေရိကန် အစိုးရအနေဖြင့် ကြီးမားသည့် ကြိုးပမ်းမှုများ ချမှတ်ဆောင်ရွက်ရမည် ဟု အရာရှိအများစုက တောင်းဆိုထားသည်။

ပြီးခဲ့သည့် သီတင်းပတ်များတွင်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေမှုများကြောင့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့ပြီး နှစ်နိုင်ငံ အရာရှိများသည် မကြာခဏ ဆိုသလိုပင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲမှု များ လုပ်ဆောင်ခဲ့ကြသည်။

Source: AP