CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈

‌ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်မှုထမ်းဥပဒေကို စနစ်တကျဖြစ်အောင် မည်ကဲ့သို့ ထိန်းကျောင်းသင့် သလဲဆိုသည်ကို စစ်‌ရေးနှင့်နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြ သည်။ 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး လက်ရှိအချိန်၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဥ် ၂၀ အထိရှိပြီ ဖြစ်သည်။ 

စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အလွဲသုံးစားလုပ်နေသည့် အာဏာပိုင်များ များစွာရှိနေကြောင်း၊ လွှတ်တော် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းလုပ်ငန်းစဥ်သည် စနစ်တကျ ပြန်လည်ပြင်ဆင်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်း  ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။ 

လွှတ်တော်ကိုတွေ့ရစဉ်

၎င်းက “ဒါကတော့ အန်တီတို့တွေ မကြာခဏ ပြောနေတဲ့ ကိစ္စတွေဖြစ်တယ်၊ စစ်မှုထမ်းဥပဒေဟာ ဒုချုပ်ကြီး ပြောနေသလိုလည်း ဖြစ်မနေဘူး ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသလိုလည်း အောက်ခြေမှာ ဖြစ်မနေဘူး။ ဒီစစ်မှု ထမ်းဥပဒေကို အလွဲသုံးစားလုပ်တဲ့ အာဏာပိုင်တွေ အများကြီး ရှိနေတယ်၊ ဒါကြောင့်မို့လို့ တိုင်ပါတိုင်ပါဆို တိုင်တာပဲလေ။ တိုင်ပေမယ့် တိုင်ရင်လည်းပဲ အဲ့နေရာက ခဏပဲ တစ်လ၊ နှစ်လ၊ သုံးလ ငြိမ်သွားမယ်။ ပြီးရင် နောက်လေးလမြောက် ငါးလမြောက်ကျရင် ပြန်ပြီး ပိုက်ဆံကောက်ကြမယ်၊ ပိုက်ဆံကောက်ပြီးတော့ ပြည်သူ လူထုက ပိုက်ဆံတွေ စုပြီးတော့ လူဝယ်ရတယ်။ အခုဆို သိန်း ၈၀ တို့ သိန်း ၉၀ တို့တောင် တချို့နေရာတွေမှာ ပေါက်နေတယ် လေ၊ အဲတော့ ဒါတွေက  ငြင်းလို့မရဘူး။ လူတွေကြားထဲကို တကယ်ဆင်းနိုင်ရင် ငြင်းလို့ကိုမရဘူး ငြင်းလို့မရတဲ့ ကိစ္စတွေဖြစ်တယ်ပေါ့နော်။ အဲလိုပြောလို့ အရေးယူမှုတွေ မရှိဘူးလားဆို ရှိတာပဲ။ အရေးယူမှု ရှိသလောက်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စတွေ ပပျောက်သွားလားဆို မပပျောက်ဘူး။ ဒါကြောင့်မို့လို့ စနစ်တကျ ဒီကိစ္စက စစ်မှုထမ်းကိစ္စက ရွှေ့ဆိုင်းနိုင်ရင် ရွှေ့ဆိုင်း မ‌ရွှေ့ဆိုင်းနိုင်လို့ ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ထားရှိအုံးမယ်ဆိုရင် ကောက်ခံတဲ့စနစ် ကောက်ယူတဲ့စနစ် စုဆောင်းတဲ့စနစ်က ပြင်ကိုပြင်ရမှာ ဖြစ်တယ်။ ဒီထက်ပိုပြီးတော့ တာဝန် ယူမှု တာဝန်ခံမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်ပေါ့၊ ပြင်ကိုပြင်ဆင်ရမယ့် လုပ်ငန်းစဥ် တစ်ရပ်ဖြစ်တယ်ပေါ့။ လွှတ်တော်ပေါ်လာတာနဲ့ တစ်ပြိုင်နက်ထဲ ဒီဟာက လုပ်ကိုလုပ်ရမယ့် လုပ်ငန်းစဥ်ဖြစ်တယ်”ဟု ပြောသည်။

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းသည် နိုင်ငံ၏ ကျူးကျော်စစ်များ ဖြစ်လာသည့်အချိန်တွင် နိုင်ငံသားတိုင်းသည် စစ်သားတစ်ယောက်သဖွယ် ခံယူချက်ရှိသင့်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း၊ လွှတ်တော်တွင် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ အားလုံး စုပေါင်းဆွေးနွေးပြီး ပြုပြင်ပြောင်းလဲသင့်သည်ဟု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဒေါ်စန္ဒာမင်းမှ CNI သတင်းဌာနသို့ ပြောသည်။  

၎င်းက “ကျမတို့ တုန်းကတော့ ဒီလိုမျိုး အဖျက်သဘောပြောနေတဲ့ အဖျက်သဘော အမြင်ဆောင်နေတဲ့ ကိစ္စမျိုး တွေတော့ မရှိဘူးပေါ့။ ဒီလို လော်ဘီလုပ်နေတဲ့ ဟာတွေက မရှိတဲ့အခါကျတော့ လူတွေက အဲဒီလိုမျိုး မတွေး ချင်လာဘူး၊ ဒါပေမယ့် အခုကျတော့ အဖျက်သဘောဘက်ကပဲ တအားပြောတဲ့ဟာမျိုးတွေ ရှိလာတဲ့အခါကျတော့ ဒီနေ့ပဲ စစ်မှုထမ်းထဲကို ရောက်တယ်၊ မနက်ဖြန်ပဲ သေတော့မလိုလိုနဲ့ ဒီလိုမျိုးတွေ ဖြစ်နေတဲ့ အခါကျတော့ ကျမ တို့က ဒီဥပဒေကတော့ ဒါကြီးကို ဟာ ဖျက်သိမ်းလိုက်ပါတို့ ဘာတို့ ပြောလို့တော့မရဘူး။ အဲလိုပြောရမယ့် အခြေ အနေလည်း မဟုတ်ဘူး။ သို့သော်လည်း လွှတ်တော်ထဲမှာ ပညာတတ်တွေ အများကြီး ရောက်လာမှာ ဖြစ်တယ်။ အဲတော့ အဲဒီလူတွေ အကုန်လုံးနဲ့ စုပေါင်းညှိနှိုင်းပြီးတော့ ရလာတဲ့အဖြေ တစ်ခုနဲ့တော့ တစ်ခုခုတော့ တိုင်းပြည် အတွက်ကို ကိုယ့်တိုင်းပြည်ကို ကျူးကျော်လာတဲ့ အခါတိုင်း ဖြစ်လာတဲ့ အခါကျလို့ရှိရင် ခုခံနိုင်အောင်ပဲဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲနိုင်အောင်ပဲဖြစ်ဖြစ်၊ ကျမတို့က အဆင့်သင့် ဖြစ်နေနိုင်အောင်တော့ အားလုံး စု ပေါင်းပြီးတော့ တစ်ခုခုတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုတော့ ပြုပြင်ပြောင်းလဲသင့်တယ်ဆို တဲ့ ဟာကိုတော့ ကျမတို့မှာလည်းရှိတယ်၊ ကျမမှာရှိသလို လွှတ်တော် ကိုယ်စားလှယ်တိုင်းမှာလည်း ရှိတယ်။ အဲတော့ အားလုံးစုပေါင်းပြီးတော့ ဆွေးနွေးရင်တော့ အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့ ကျမထင်တယ်” ဟု ပြော သည်။ 

စစ်မှုထမ်းမည့် သူများကို ကြိုဆိုနေကြစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပ‌ဒေကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာ သွားကြသလို စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခံရခြင်းများကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေမှာ လျော့ကျလာကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

ထို့နောက် လူဦးရေ လျော့ကျလာခြင်းနှင့်အတူ အလုပ်သမား ရှားပါးခြင်း၊ ကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာ ခြင်း၊ လူဦးရေ လျော့ကျခြင်း ဘေးအန္တရာယ်များ ကြုံတွေ့လာရခြင်း စသည့် အခြေအနေများကိုလည်း ရင်ဆိုင် လာနေရကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်သူများက ထောက်ပြကြသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်စလုံးက စစ်မှုထမ်းရန်အတွက် လူငယ်လူရွယ်များအား ခေါ်ဆောင်ခြင်း၊ ဖမ်းဆီး ခြင်းများ အရှိန်မြှင့် လုပ်ဆောင်နေကြသည်။ 

ထို့ကြောင့် လက်နက်ကိုင်ထားကြသော အဖွဲ့အစည်းများ၏ စစ်မှုထမ်း ခေါ်ဆောင်ခြင်းများ ရပ်တန့်နိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအကဲခတ်များက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိနေကြသည်။