CNI International News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ရေနံများကို လာအိုနိုင်ငံအတွင်းမှာသာ အသုံးပြုရန် တင်းကျပ်ထားပြီး ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချခွင့် မပြုကြောင်း ထိုင်းဘက်က ပြောကြားခဲ့သည်။

ထို့ကြောင့် ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချမည် မဟုတ်ကြောင်း လာအိုနိုင်ငံ၏ စွမ်းအင်ဝန်ကြီး မလေသွန်း ကွမ်မာဆစ် (Malaithong Kommasith) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုင်းမှ ဝယ်ယူသည့် ရေနံများကို ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချမှုများသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ် မှုနှင့်ပတ်သက်သော လာအိုနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ရာ ရောက်လိမ့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းစွမ်းအင်ဝန်ကြီး ပရာဆက် ဆင်ဆွတ်ပရာဆတ် (Prasert Sinsukprasert) နှင့်ပြုလုပ်သည့် အစည်းအဝေး တွင် လာအိုစွမ်းအင်ဝန်ကြီး မလေသွန်းက လုံခြုံရေးနှင့်ပတ်သက်သည့် ထိုင်း၏ စိုးရိမ်မှုများကို နားလည်ကြောင်း၊  ထိုင်းမှ ပို့လိုက်သည့် ရေနံများ ကမ္ဘောဒီးယားသို့ မရောက်ရှိစေရန် ဂရုတစိုက် လုပ်ဆောင်နေကြောင်း ပြောကြား ခဲ့သည်။

လာအိုနိုင်ငံ၏ စွမ်းအင်ဝန်ကြီး မလေသွန်း ကွမ်မာဆစ်ကိုတွေ့ရစဉ်

ထိုင်းမှ ဝယ်ယူသော ရေနံများကို ကမ္ဘောဒီးယားသို့ ပို့ဆောင်သည့် လုပ်ဆောင်ချက်များသည် လာအိုအစိုးရ၏ ကုန်စည်ပို့ဆောင်မှု စည်းကမ်းများအရ တရားမဝင်ကြောင်း၊ အချက်အလက် စိစစ်မှုများနှင့်ပတ်သက်ပြီး လာအို သည် ထိုင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေသွန်းက ပြောကြားခဲ့သည်။

ထို့ပြင် ရေနံများ တင်သွင်းဝယ်ယူမှုများနှင့် ပတ်သက်ပြီး ထိုင်း၏ လုံခြုံရေးနှင့် လာအို၏ အခြေအနေကို ထိခိုက် စေခြင်း မရှိစေရန် လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်နေပြီး သတင်းအချက်အလက်များကို မျှဝေသွား မည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။

ထိုင်းမှ လာအိုသို့ ပို့ဆောင်သည့် ရေနံပမာဏသည် ပုံမှန်အတိုင်း တည်ရှိနေပြီး သိသိသာသာ မြင့်တက်ခဲ့ခြင်း မရှိကြောင်း နှစ်နိုင်ငံစလုံးရှိ ရေနံကုန်သည်များနှင့် အကောက်ခွန်ဌာနတို့မှ အတည်ပြုခဲ့သည်။

မည်သို့ပင်ဆိုစေ နေ့စဉ် ရေနံတင်ပို့မှုပမာဏသည် ပြောင်းလဲမှုများရှိနိုင်ပြီး ချောင်မက် (Chong Mek) နယ်စပ် ဂိတ်မှ နေ့စဉ် ဖြတ်သန်းသည့် ရေနံတင် ထရပ်ကားများသည် ပျမ်းမျှအားဖြင့် ထရပ်ကားအစီး ၂၀ ခန့်ရှိသည်။

ထိုင်းစွမ်းအင်ဝန်ကြီး ပရာဆက် ဆင်ဆွတ်ပရာဆတ်ကို တွေ့ရစဉ် 

သို့သော် အချို့နေ့များတွင်မူ ထိုနယ်စပ်ဂိတ်မှ ဖြတ်သန်းသည့် ရေနံတင် ထရပ်ကား ၅ စီးခန့်သာရှိကာ အချို့နေ့ များတွင် ထရပ်ကား အစီးရေ ၅၀ အထိရှိသည်။

လာအိုနိုင်ငံတွင် မိုးရာသီကုန်ဆုံးသည့် နိုဝင်ဘာလမှ ဧပြီလကြား ရေနံဝယ်လိုအားများ မြင့်တက်လေ့ရှိပြီး အထူးသဖြင့် လာအိုတောင်ပိုင်းရှိ သတ္တုတွင်းတူးဖော်သည့် လုပ်ငန်းများသည် ရေနံများကို ပိုမိုလိုအပ်လေ့ရှိသည်။

"စွမ်းအင်ဝန်ကြီးဌာန၊ ရေနံကုန်သည်တွေ၊ အကောက်ခွန်ဌာနနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေဟာ ရေနံတင်ပို့ရောင်း ချမှုကို အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာကို ကျနော် ထပ်မံပြောကြားလိုပါတယ်" ဟု မလေသွန်းက ပြောကြားခဲ့သည်။

လာအို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံမှ တင်သွင်းဝယ်ယူသည့် ရေနံများကို လာအိုနိုင်ငံ အတွင်းမှာသာ အသုံးပြုမည်ဖြစ်ပြီး ကမ္ဘောဒီးယားကို ပို့ဆောင်မည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

"စွမ်းအင်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကလည်း ထိုင်းပြည်သူတွေရဲ့ ချမ်းသာသုခနဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ပေးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံဆီ ရေနံတွေ တင်ပို့မှု မရှိစေရအောင် လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာပါ" ဟု ပရာဆက်က ပြောကြားခဲ့သည်။

Source: The Nation