CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်
မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် စီးပွားရေးနှင့်ပညာရေးကို မြှင့်တင်ရန်လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဆိုးရွားလာခဲ့ပြီး လူငယ်များကြား လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်အား ထက်သန်မှု ပြင်းထန်လျက်ရှိနေသည်။
ထို့နောက် လက်နက်ကိုင်ထားကြသည့် မြန်မာ့တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်(EAO)များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည် လူသစ်စုဆောင်၍ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်နေ ကြသည်။
ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ပညာရေးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေကြောင်း၊ ငြိမ်းချမ်းရေး လိုအပ်သလို စီးပွားရေးနှင့် ပညာရေး အခန်းကဏ္ဍကိုလည်း တစ်ပြိုင်နက်တည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ လက်ရှိတွင် ပညာရေး အင်မတန် ချို့တဲ့သည့်အတွက် အကြမ်းဖက်မှုများ များစွာဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။

အခြေခံလူတန်းစားများကို တွေ့ရစဉ်
၎င်းက “ကျမတို့ NLD အစိုးရ လက်ထက်တုန်းက ပထမတုန်းကတော့ ငြိမ်းချမ်းရေး အရေးကြီးပါတယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးကို အရင်လုပ်တယ်။ တကယ်တမ်းတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးက တစ်ပြိုင်နက်ထဲ လုပ်ရမယ် ဆိုတာ သဘောပေါက်တဲ့ အခါကျတော့ ငြိမ်းချမ်းရေးရော၊ စီးပွားရေးရော တစ်ပြိုင်နက်ထဲ လုပ်ပါမယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာပေါ့နော်။ စီးပွားရေး အဆင်မပြေတဲ့အတွက် နောက်ဆက်တွဲ ပညာရေးမှာ အခက်အခဲ ဖြစ်လာတာတွေ ပညာမတတ်မှုတွေ ဖြစ်လာတယ်။ ဒါကြောင့် စီးပွားရေး အခက်ခဲတွေ ဖြစ်လာတယ်။ အားလုံးကတော့ လုံးလည်ချာလည် လိုက်နေကြတယ်။ အားလုံးက တကယ်တမ်းတော့ ဆက်စပ်မှု ရှိနေတယ်။ (Nation Building) တည်ဆောက်ရမယ့် ကာလဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလည်း လိုအပ်သလို စီးပွားရေးနဲ့ ပညာရေး အခန်းကဏ္ဍကိုလည်း တစ်ပြိုင်နက်တည်း မြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဒါတွေက အဆက်အစပ် ရှိနေ တယ်။ ပညာရေးချို့တဲ့တာ ဖြစ်တဲ့အတွက်လည်း အကြမ်းဖက်မှုတွေက စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ မလုပ်နိုင်ဘူး ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ တိုးလာတယ်။ ဥပဒေ လက်လှမ်း မမှီတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒါတွေအားလုံးက တစ်ပြိုင်နက်တည်း လုပ်ရမှာပါလို့ ကျမကတော့ ပြောချင်တယ်။ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး၊ပညာရေးတို့က တစ်ပြိုင်နက်တည်း လုပ်ရမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ စသည့် ကဏ္ဍများတွင် နိမ့်ပါးခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍ မြင့်မားနေရန် လိုအပ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင် ပဋိပက္ခများသည် မိမိတို့နိုင်ငံ၏ ပညာရေး အားနည်းချက် ကြောင့် ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
လာမည့် ၅ နှစ်တာ ကာလအတွင်း လက်နက်ကိုင်လမ်းစဥ် အပြီးသတ် ချုပ်ငြိမ်းသွားရန်အတွက် အင်မတန် ခက်ခဲ ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းသွားသည်နှင့်လည်း ငြိမ်းချမ်းရေး ရမှာ မဟုတ်သေးဘူးဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြော သည်။

ပညာသင်ကြားနေတဲ့ ကျောင်းသား/သူများကို တွေ့ရစဉ်
၎င်းက “ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းစဉ်ဟာ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းသွားတာနဲ့ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်က အင်မတန်ကျယ်ပြန့်တယ်။ လက်နက်ကိုင်တွေ မရှိတော့တာနဲ့ ငြိမ်းချမ်းရေး ဖြစ်လာတယ်လို့လည်း ပြောလို့မရဘူး။ ဒါကြောင့်မို့လို့ လက်နက်ကိုင်လမ်းစဉ် ဒီနိုင်ငံမှာ လုံးဝဥုံသုံ ချုပ်ငြိမ်းသွားဖို့ ဆိုတာကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ဖြစ်ဖို့ အင်မတန် ခဲယဉ်းတယ်။ ခဏတာ အပစ်ခတ် ရပ်စဲမှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့လို့ ငါးနှစ်အတွင်းမှာ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းသွားဖို့ မျှော်လင့် တယ်ဆိုရင် အဲဒါ စိတ်ကူးယဉ်တာ တစ်ခုပဲဖြစ်မယ်။ ဒါကြောင့်မို့လို့ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းရေးဟာ လာမယ့် ငါးနှစ်အတွင်းဖြစ်ဖို့ အင်မတန် ခဲယဉ်းတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေ ကိုလည်း ပစ်ထားလို့မရဘူး။ ကျန်တဲ့ လုပ်ငန်းတွေကိုပါ အတူတကွ လုပ်ရမှာဖြစ်တယ်လို့ အန်တီ ခုနက ပြောခဲ့ တာ” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေပြီး ပြည်သူလူထု ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသလို လူနေအိမ်များနှင့် အဆောက်အအုံများ သိန်းချီ မီးလောင် ပျက်စီးလျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းမည့် အစိုးရသစ်နှင့် လွှတ်တော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အားသွန် ခွန်စိုက် ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံကို ခြုံငုံကြည့်ရှုတတ်ရန်လည်း လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
