CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄
မြန်မာနိုင်ငံတစ်ဝှမ်း နှစ်ပေါင်း ၈၀ နီးပါးကြာ ဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် မြန်မာ့တပ်မတော်တို့ကြား စစ်ပွဲများ ချုပ်ငြိမ်းရန် ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်နယ်တွေကို ကျနော်တို့က တတ်နိုင်သမျှ ပေးနိုင်သလောက် autonomy တွေကို ပေးရမှာ ပေါ့။ ကွန်ဖက်ဒရိတ် ပုံစံတော့ မရဘူးပေါ့။ သူတို့က ဖက်ဒရယ်ပြောပြီးတော့ တကယ် ဖက်ဒရယ် မဟုတ် ဘူး။ အဲဒါအရင်ပေးလိုက်။ အဲဒါပဲ။ အဲဒါပေးပြီးရင် ဒီဘက်က ပေးနိုင်တဲ့ အတိုင်းအတာ ပြီးသွားပြီ။ အဲဒီ အတိုင်း မယူဘူးဆိုရင် တိုက်ရုံပဲ ရှိတော့မှာပေါ့။ ကိုယ့်ဘက်က လုပ်ရမယ့် အလုပ်ပဲလေ။ သူတို့နဲ့ ဘာမှ မဆိုင်ဘူး။ တကယ်တော့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးလုပ်တာတို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားရဲ့သားနဲ့ အစိုးရကနေပြီး ဘာမှ လုပ်မပေးတာလည်း ရှိသေးတယ်လေ ဟိုတုန်း က။ ဦးသိန်းစိန်တို့ ဟိုဟာတို့ လက်ထက်မှာလေ။ အကုန်လုံး ဆုပ်ကိုင်ထားတာ ဗဟိုကနေပြီးတော့။ အဲဒါလေး လျှော့လိုက်ပေါ့ အဓိက,ကတော့ အဲဒါပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သက်ဆိုင်ရာ ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်မျိုးကို လိုချင်ကြခြင်းဖြစ်သော်လည်း ယခုအခါ ဖက်ဒရယ်ထက် ကျော်လွန်ကာ စဉ်းစားနေမှု များ ရှိလာသည်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် အစိုးရတို့မှ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် နေသော်လည်း လက်တွေ့တွင်မူ NCA ထိုးထားသည့် အဖွဲ့များ၊ တပ်မတော်နှင့် တိုက်ပွဲမဖြစ်သည့် EAO များဖြင့်သာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် လူမျိုးတစ်ခုတည်းက ပိုင်ဆိုင်သည့် တိုင်းပြည် မဟုတ်ဘဲ ပြည်ထောင်စုဆိုသည့် အတိုင်း ပြည်ထောင်များဖြင့် စုဖွဲ့ထားသည့် တိုင်းပြည်ဖြစ်ကြောင်း၊ လက်တွေ့အားဖြင့် တစ်ပြည်ထောင် စနစ်နှင့် သွားနေပြီး တိုင်းရင်းသားများတွင် လုပ်ပိုင်ခွင့်များ ရှိမနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါပေမယ့် လက်တွေ့အားဖြင့် တစ်ပြည်ထောင်စနစ်နဲ့ သွားနေတယ်ဆိုတော့ လုပ်ပိုင်ခွင့်တွေက မရှိတော့ ဘယ်လောက်ပဲ ငြိမ်းချမ်းရေး ဆွေးနွေးဆွေးနွေး လက်နက်ကိုင် အုပ်စုတွေကတော့ တစ်ဖွဲ့ ပျောက်သွား ရင်တောင်မှ နောက်ထပ် တစ်ဖွဲ့က ထပ်ပေါ်လာမှာပဲ။ ဘယ်တော့မှ ဆွေးနွေးနိုင်မှာ မဟုတ် ဘူး။ စေတနာအပြည့်နဲ့ လက်တွေ့ဖြစ်လာနေတဲ့ တိုင်းပြည်ရဲ့ အနေအထားက ပြန်လည် ပြီးတော့မှ တိုင်းပြည် ဖြစ်တည်မှုက ဘယ်လိုမျိုးအကြောင်းနဲ့ ဖြစ်တည်လာနေလဲ အဲဒါကို ပြန်လည် သုံးသပ် ပြီးတော့မှ လက်တွေ့ အကောင်အထည် ဖော်လို့ရှိရင်တော့ ပြဿနာမရှိဘူး။ ဆွေးနွေးမယ် ဆိုရင်လည်း ဆွေးနွေး ညှိနှိုင်းတဲ့ အနေအထားပေါ့။ ရှင်းရှင်းပြောရင် ၁၉၄၇ က တိုင်းပြည် ဖြစ်တည်လာမှုကို ပြန် လည် ကောက်နှုတ်ပြီးတော့မှ လက်တွေ့ တန်းတူညီမျှမှုနဲ့ ဒွန်တွဲပြီးတော့မှ အကောင်အထည်ဖော်နိုင်မှ သာလျှင် အကျိုးဖြစ်မယ်ပေါ့။ အဲဒီလိုမျိုး မသွားဘဲနဲ့ ဆိုရင်တော့ ငြိမ်းချမ်းရေးက ဘယ်လောက်ပဲ ဆွေး နွေး ဆွေးနွေး တစ်ဖက်ကလည်း အင်အား အပြိုင်အဆိုင် တိုးချဲ့နေတာ၊ စစ်တပ်တွေ လက်နက် အပြိုင် အဆိုင် တပ်ဆင်နေတာ၊ ကိုယ့်ပြည်တွင်းထဲမှာ လက်နက်ကိုင် အုပ်စုတွေက အများဆုံးတိုင်းပြည် ဖြစ်နေ တယ်။ ရှမ်းပြည်မှာလည်း အင်အားကြီးတဲ့ လက်နက်ကိုင် အုပ်စုက ၈ ဖွဲ့လောက်ရှိတယ်။ အချင်းချင်း လည်း ပြန်တိုက်နေတယ်။ တပ်ဆို ဖြိုခွဲမှုတွေ ဖြစ်နေတယ် အဲဒီလိုမျိုး အနေအထား ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းရေးက ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့်လာနေသည့် မြန်မာနိုင်ငံတွင် NCA လုပ်ငန်းကိစ္စများလည်း ရပ်တန့်လုနီးပါး ဖြစ်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား နယ်မြေ သိမ်းပိုက် မှုနှင့်ပတ်သက်၍ တိုက်ပွဲများ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားနေသည်။
ထို အခင်းအကျင်းများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် အချို့သော တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ငြိမ်းချမ်းရေးကို မစဉ်းစားသေး သော်လည်း ဒေသနှင့် လူထု အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေး စားပွဲဝိုင်းကို တက်လာမည်ဟု မျှော်လင့် ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “တကယ်ကိုပဲ ဒီနေ့ ဒီအချိန်အခါမှာ ငြိမ်းချမ်းရေးကို တချို့အဖွဲ့များ မစဉ်းစားသေးပေမယ့်လည်း အချိန်ကာလတစ်ခုကို ရောက်တဲ့အခါမှာ ကိုယ့်ဒေသက ပြည်သူတွေအတွက်ကို စဉ်းစားပြီးတော့ ကိုယ့် ဒေသက ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ကိုယ့်ဒေသက ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ စိတ် ဆန္ဒတွေ၊ ကိုယ်ပိုင်စိတ်ဆန္ဒတွေကို လျှော့ပြီးတော့ ငြိမ်းချမ်းရေးစားပွဲကို တက်လာမယ်လို့တော့ မျှော်လင့်နေပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင် ပဋိပက္ခများကြောင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုများ လျော့ကျကာ သံသယကြီးမှု ပိုများ နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ သံသယနှင့် ကန့်သတ်ချက်များ ရှိနေကြမည်ဆိုပါကလည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး ရေး မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ယူဆကြသည်။
ထို့ပြင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်သော အခါတွင်လည်း အင်အားငယ်သည့် လက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်နှင့် တိုက်ပွဲ မဖြစ်သည့် လက်နက်ကိုင် အဖွဲ့များကို ချန်လှပ်ထား ခြင်းမျိုး မပြုလုပ်သင့်ဘဲ လက်နက်ကိုင်အားလုံးကို တန်းတူ ဖိတ်ခေါ် ဆွေးနွေးသင့်ကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။
