CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိအောင် နိုင်ငံတော်အစိုးရ-တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြား ဘယ်လို နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်သင့်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက မေးခွန်းထုတ်လျက်ရှိသည်။
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များစွာ ရှိနေသည့်အတွက် ငြိမ်းချမ်းရေး ရရှိရေး နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေး နည်းလမ်းဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားထား သည်။
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေး ခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
နိုင်ငံရေးနည်းလမ်းဆိုသည်မှာ ငြိမ်းချမ်းရေး ရရှိရေးအတွက် ပြည်တွင်း အုပ်ချုပ်ရေးကို ပို၍ကောင်းမွန်လာအောင် လုပ်ဆောင်ပြီး ပြည်သူလူထု ထောက်ခံမှုရအောင် ကြိုးစားရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးနည်းလမ်းက တစ်ယောက်နဲ့တစ်ယောက် ကျနော်တို့က စားပွဲဝိုင်းမှာ ဆွေးနွေးပြီးတော့ ကျနော် တို့က အပေးအယူ လုပ်စရာရှိ လုပ်တယ်ပေါ့၊ ဘာပဲပြောပြော သူတို့လည်း အခုဆိုလို့ရှိရင် ကိုးကန့်ဆိုလည်း သူတို့ ဒေသမှာ သူတို့နေဖို့ အစိုးရက ဘာပဲပြောပြော၊ မူအားဖြင့်တော့ ခွင့်ပြုထားတယ် ဆိုတဲ့သဘော တပ်မတော်က ရှိသွားပြီပဲလေ။ ဒါသူတို့ ကျေနပ်တော့ပေါ့။ မကျေနပ်ပဲနဲ့ အခုလို ထပ်ပြီးတော့ ဆက်လုပ်လာမယ်ဆိုရင်တော့ တစ်နေ့ကျလို့ရှိရင်တော့ ပြည်သူလူထုရဲ့ တပ်နဲ့ပြည်သူလူထုက သွေးစည်းသွားတယ်ဆိုရင်တော့ အဆော်ခံရမှာ ပေါ့နော်၊ ဒီလိုပဲပြောရမှာပေါ့။ ပြည်တွင်းရဲ့ အုပ်ချုပ်ရေးကို ကောင်းသထက် ကောင်းအောင် လုပ်ပြီးတော့ ကျနော် တို့က လူထုထောက်ခံမှုရအောင် လုပ်ရမယ်ပေါ့။ ဒါက မကြာခင် ရလာမှာပဲလေ နောက်ပေါ်လာမယ့် အစိုးရက မကြာတော့ဘူးလေ ဒီမိုကရေစီအစိုးရ ပေါ်လာလို့ရှိရင် ဒီအခြေအနေကောင်းတွေ ရလာမှာပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကလည်းက ထောက်ပြကြသည်။

လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ စစ်ဘက် ခေါင်းဆောင်များကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းတို့သည် ဆွေးနွေး ညှိနှိုင်းမှုများကို ကြိမ်ဖန်များစွာ လုပ်သင့်ကြောင်း၊ ထိုသို့ တစ်ဖက်နှင့်တစ်ဖက် ပေါင်းစပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရင်းမှ ငြိမ်းချမ်း ရေး ဖြစ်ပေါ်လာမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ပြောရေးဆိုခွင့်သူ ဦးသိန်းထွန်းဦးမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်မယ်၊ ဒါနိုင်ငံတော်ကလည်းပဲ အခု ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တွေ ရှိတယ်ပေါ့။ အဲ့လို တွေ့ဆုံဆွေးနွေးမှုတွေမှာ တစ်ဖက်ကလည်းပဲ ဖြစ်နိုင်ခြေကို ပြောမယ်၊ တစ်ဖက်ကလည်းပဲ လိုက်လျောနိုင်သမျှ လိုက်လျောမယ်ဆိုတဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုမျိုးကို ကြိမ်ဖန် များစွာ လုပ်ရင်းလုပ်ရင်း ကနေပြီးတော့ ဒီငြိမ်းချမ်းရေး ကျနော်တို့ဆီကို ရောက်သွားမယ်။ အဲ့လို ရောက်သွားတဲ့ အခါမှာလည်းပဲ ဒီလိုအခြေအနေမျိုးတွေ အဆင်ပြေလာပြီ ဆိုလို့ရှိရင် အဲဒီအဖွဲ့အစည်း တွေကနေပြီး တော့ပေါ့ နော် လက်နက်ကိုင် အဖွဲ့အစည်းတွေ ကနေပြီးတော့ ငြိမ်းချမ်းရေး ရယူပြီးတဲ့အခါမှာ ကျနော်တို့ နိုင်ငံတော်ကနေ ပြီးတော့ ကျင်းပပြုလုပ်နေတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ပြီးတော့ ၎င်းတို့ ဒေသကနေပြီးတော့ ကိုယ်စား လှယ်တွေ ပေါ်ထွန်းလာမယ်။ အဲ့ပေါ်ထွန်းလာတဲ့ ကိုယ်စားလှယ်ကနေတဆင့် ကျနော်တို့ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို ဆောင်ရွက် သွားနိုင်လိမ့်မယ်။ ဆိုလိုတာကတော့ ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်ရင်းလုပ်ရင်း ကနေ ဒီငြိမ်းချမ်းရေးဆိုတာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။
