CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရေးအတွက် ဘယ်လို အခက်အခဲများ ရှိနေလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ဗန်းမောက်မြို့ကို KIA-PDF-ကဒူး ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။
SNA ဘက်မှ ဗန်းမောက်မြို့ ပြန်လည်ရရှိရေးကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လက်ရှိတွင် ငြိမ်သက်နေခြင်းသည် လက်နက်ခဲယမ်းများ အားနည်းခြင်းကြောင့်ဖြစ်နိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ KIA ၏ နယ်မြေစိုးမှု ကျယ်ပြန့်လာနိုင်ဖွယ် ရှိ၊ မရှိသည် SNA ၏ စွမ်းဆောင်ရည် အပေါ်တွင် မူတည်နေကြောင်း ၎င်းက ပြောသည်။
စိုင်းဋ္ဌေးအောင်က “သိရသလောက်ပေါ့လေ။ ဗန်းမောက်မှာက သိရသလောက်တော့ SNA ဘက်က ကိုင်ဆောင် ထားတဲ့ လက်နက်တွေပေါ့နော်။ အားနည်းတယ်လို့တော့ ကျနော် သိရတာပေါ့။ နောက်တစ်ခုက သူတို့က အင်းတော်မှာ ရသွားတဲ့ jumper တွေဘာတွေက အင်မတန်မှ ကောင်းတယ်လို့ ပြောတယ်။ တပ်မတော်ဘက်က jumper တွေ။ နောက် ဒရုန်းတွေက အဲဒီ jumper တွေကို မကျော်နိုင်တဲ့ အခါကြတော့ ဗန်းမောက်မှာ စစ်ရေး လှုပ်ရှားမှုက ရပ်တန့်နေသလို ဖြစ်တာပေါ့။ ဗန်းမောက်ရဲ့ အနီးအနား နားယကားဆိုရင် ဗန်းမောက်နဲ့ တစ်မိုင် လောက်ပဲ ဝေးတော့တာ။ အဲဒီကိုတော့ ရောက်ရှိနေပေမယ့် ဗန်းမောက်ကို မြို့သိမ်းဖို့ အတွက်ကတော့ နည်းနည်း အခက်အခဲ ရှိနေတာပေါ့။ နောက်တစ်ချက်က ဗန်းမောက်မှာ ကျနော်တို့ ရှမ်းနီတွေ များတဲ့အခါကြတော့ သူတို့ အတင်းတိုးလိုက်ရင် ပြည်သူတွေရဲ့ အိုးအိမ်တွေ မီးလောင်ပျက်စီးမှာလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတဲ့ အပိုင်းတွေလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ စစ်ရေးရပ်တန့်ထားတယ်လို့တော့ ကျနော် မြင်မိတယ်။ စစ်ပွဲကတော့ ကြာရင်တော့ သိပ်မကောင်းဘူး။ ဒါပေမယ့် စစ်ပွဲဆိုတာကတော့ တိုက်ပြီဆိုရင်တော့ မြန်မြန်ဆန်ဆန် ပြီးပြတ် သွားတာကတော့ လူထုထိခိုက်မှု အနည်းဆုံးနဲ့ ပြီးပြတ်တာ အကောင်းဆုံးပေ့ါလေ။ KIA ရဲ့ နယ်မြေစိုးမိုးမှု ရှိမှု၊ မရှိမှုဆိုတာက SNA ရဲ့ စွမ်းဆောင်မှုလည်း ပါတာပေါ့။ ရှမ်းနီအမျိုးသားတပ်မတော်က ရှိနေတဲ့အခါကြတော့ သူ့အနေနဲ့ စစ်နိုင်အောင် တိုက်နိုင်ရင်တော့ KIA နယ်မြေစိုးမိုးမှုက ကျုံ့သွားနိုင်မယ်။ နိုင်အောင် မတိုက်နိုင်ဘူး ဆိုရင် KIA ကတော့ နယ်မြေ ကျယ်လာမှာပေါ့” ဟု ပြောသည်။

ဗန်းမောက်မြို့ကို သိမ်းပိုက်ခဲ့တဲ့ KIA-PDF- ကဒူး ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
SNA သည် စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းအထိ လှုပ်ရှားနေသော ရှမ်းနီ လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
SNA အနေဖြင့် ဗန်းမောက်မြို့ကို မိမိမြို့အဖြစ် ခံယူထားသည့်အတွက် ၎င်းအဖွဲ့ အားပြန်သာလာသည့်အခါတွင် ပြန်လည်တိုက်ခိုက်မည့် အနေအထားရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါက သမိုင်းအရ ကြည့်ရလို့ရှိရင်တော့ လူမျိုးရေးက ရှမ်းနီနဲ့ KIA က ပြဿနာက တောက်လျှောက် တက် လာနေတယ်။ အဲဒါက တကယ့်ကို စေတနာမှန်နဲ့ မဖြေရှင်းလို့ရှိရင် လူမျိုးရေး ပြဿနာကတော့ ပိုပြီး ကြီးလာနိုင် တဲ့ အလားအလာရှိတယ်။ အခုအခြေအနေက ရှမ်းနီကလည်း အတော်အသင့် အင်အားရှိလာနေ တယ်လေ။ အဲဒီ ဒေသဘက်ကတော့ တစ်ဖက်ကလည်း KIA ဦးဆောင်တဲ့ PDF တွေ၊ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီးတော့မှ တိုက်ပွဲဆင်နွှဲနေတယ်ဆိုတော့ အလားအလာကတော့ လျော့ကျမယ့်ပုံတော့ မပေါ်ပါဘူး။ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်နေသရွေ့ SNA နဲ့လည်း အဲဒီဒေသဘက်မှာ KIA နဲ့ PDF တွေနဲ့ တိုက်ပွဲက ဆက်တိုက် ရှိနေဦးမှာပဲ။ အဖက်ဖက် တိုက်နေတာက ဒီတိုက်ပွဲဆိုတဲ့ဟာက သာတဲ့အချိန်ဘက်ကတော့ ဝင်သိမ်းတယ်။ နောက်ဆုတ်တယ်၊ ပြန်တိုက် တယ်။ အဲဒါ သဘာဝပဲလို့တော့ မြင်မိတယ်။ ဘာပဲဖြစ်ဖြစ် ဗန်းမောက်က SNA က သူ့ရဲ့မြို့ဆိုတော့ သူက အဲဒီလို မျိုး ခံယူထားတော့ သူအားပြန်သာတဲ့ ရက်ကတော့ သူပြန်တိုက်မယ့် အနေအထားတော့ ရှိတာပေါ့နော်။ ဒါပေမယ့် လက်ရှိ အနေအထားကတော့ ဘယ်လောက် လုပ်နိုင်မယ်ဆိုတဲ့ အဆင့်ကတော့ ပြောရတော့ ခက်တာပေါ့” ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမော်၌ မြန်မာ့တပ်မတော်နှင့် စစ်ရေးပြင်းထန်ပြီး ရှုံးနိမ့်နေချိန်တွင် ဗန်းမောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၌ စတင် တိုက်ခိုက်ကာ စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက် နိုင်ခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် ဗန်းမောက်မြို့အနီးရှိ ကျေးရွာများမှ ကဒူးလူမျိုးများသည် ရှမ်းနီအမျိုးသားများတပ် မတော်(SNA) ထိန်းချုပ်ထားသော ဗန်းမောက်မြို့ အနောက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။
ဗန်းမောက်မြို့တွင် ရှမ်းနီလူမျိုး အများဆုံးနေထိုင်ပြီး ဒုတိယအများဆုံးမှာ ကဒူးလူမျိုးများ ဖြစ်ကြသည်။
KIA အနေဖြင့် ဗန်းမောက်ကို ရရှိသွားသည့်အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းအား ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ရန် အဆင်ပြေသွားကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး ဗန်းမောက်မြို့ရှိ တစ်မိုင် အကွာမှာ ရောက်ရှိကာ ပြန်လည် သိမ်းပိုက်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
