CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀

နိုင်ငံ‌ရေးပါတီများသည် လက်နက်ကိုင် ပဋိပက္ခကြားတွင် ရှင်သန်အောင် ကြိုးစားနေရကြောင်း ရခိုင့်ဦးဆောင် ပါတီ (AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေပြီး နိုင်ငံရေးပါတီများကိုလည်း ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရန် လက်နက်ကိုင် အင်အားစုများက သတိပေးထားသည်။

မိမိတို့ နိုင်ငံရေးပါတီများသည် လက်နက်ကိုင်ပဋိပက္ခများကြား ရှင်သန်အောင် ကြိုးစားနေရကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

 စိုင်းဋ္ဌေးအောင်ကို တွေ့ရစဉ်

၎င်းက “ရွေးကောက်ပွဲ မတိုင်ခင်ကာလ ပြဿနာပေါင်းစုံရှိတာကို အထူးသဖြင့် ရခိုင်ဒေသသည် စစ်ဘေးဒုက္ခ သည်များ လက်ရှိကာလမှာ တကယ် များများစားစားရှိတဲ့ ဒေသမှာပါတာကို ဒါကြောင့် စစ်ပြေးရှောင်နေတဲ့ အင်အားစုတွေ အများစု ပါတယ်၊ အဲ့တာကြောင့် တွေ့ဆုံတာတို့ တည်ငြိမ်အေးချမ်းတဲ့ နေရာတွေမှာ လုပ်တာတို့ ဘာတို့က နည်းတယ် အထူးသဖြင့် ပြည်မကိုရောက်တဲ့ ဒုက္ခသည်တွေ ကြားထဲမှာတောင်မှ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရဆို သွားရောက် တွေ့ဆုံ စည်းရုံး၊ စုရုံးခြင်းပေါ့ဗျာ။ ဆွေးနွေးခြင်းတို့ ဘာတို့လုပ်လို့ ရခြင်း မရခြင်းဆိုတဲ့ အပိုင်းတွေ ဖွင့်ဆိုဖို့ခက်ပါတယ်။ ကျနော်တို့ ပါတီစည်းရုံးရေးလုပ်တဲ့ကဏ္ဍက အဲ့ဒီမှာ နိုင်ငံ ရေးအရ လက်နက်ကိုင်ပဋိပက္ခကြားမှာ ရှင်သန်အောင် ကြိုးစားရတာပေါ့။ ကျန်တဲ့အပိုင်းကတော့ စာသင်ကျောင်း တွေက အစအကုန်လုံး တော်တော်လေးကို နောက်ပြန် ဆုတ်သွားတာပေါ့”ဟု ပြောသည်။
တခြားတစ်ဖက်မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေး အင်အားစုများက မြန်မာနိုင်ငံ တွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဟု ကြွေးကြော်ထားသလို ရွေးကောက်ပွဲ ပူး ပေါင်း ပါဝင်သူများကိုလည်း အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ယခု လက်ရှိကာလတွင် နိုင်ငံရေးပါတီများ စွန့်စားရမှာဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများအား ထိပ်တိုက် မတွေ့ရန် အရေးကြီးကြောင်းလည်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်ထားသူ တစ်ဦးကို တွေ့ရစဉ် 

၎င်းက “ဒါလက်နက်ကိုင် များလာတဲ့ အခါကြတော့ စစ်ဘောင်ကျယ်လာတယ်၊ အခုနိုင်ငံရေးဘောင် ကျယ်အောင် ကတော့ စွန့်စားရပါလိမ့်မယ်။ နိုင်ငံရေးဘောင်ကျယ်မှ ပြည်သူလူထုရဲ့ လုပ်ကိုင်စား သောက်မှု ဘဝလုံခြုံရေးတွေက အားလုံး အာမခံချက်ရှိမှာ။ ဒါကြောင့် ယနေ့ ကျနော်တို့ နိုင်ငံရေးသမားတွေက တော့ မြန်မာနိုင်ငံရဲ့ သမိုင်းပေး တာဝန်လို့လည်း ပြောလို့ရတာပေါ့။ နိုင်ငံရေးဘောင် ကျယ်အောင်တော့ စွန့်စား ပြီးမှ အလုပ်လုပ်ကြရမယ်လို့ မြင်တယ်။ အဓိကတော့  information ပေါ့နော် ပါတီဆိုတာလည်း ပြည်သူ့ကြားထဲ ပေါက်ဖွားလာခဲ့တာဆိုတဲ့ အခါကြတော့ သတင်းစကားတွေ ကျနော်တို့ information ရဖို့ လက်ဦးမှု ရဖို့တော့ လိုတာပေါ့။  ဥပမာဆိုရင်တော့ ကျနော် ၂ ရက်နေ့မှာ ပြန်တော့မယ်ဆိုတဲ့ အခါကြတော့ မြစ်ကြီးနားကို ကျ‌နော် ပြန်မယ်ဆိုတော့ ကျနော်တို့ ပါတီကလည်း ပါတီစည်းရုံးရေး စာမျက်နှာမှာ UEC ကို တင်ပြထားတာ ရှိပါတယ်။ အဲ့မှာ ကျ‌နော် ပြန်မယ့်နေ့မှာပဲ မြစ်ကြီးနားနဲ့ မရမ်းကြားထဲမှာ KIA က စစ်ကြောင်းတစ်ကြောင်းကို တာဝန် ပေးထားတယ်ဆိုတဲ့အကြောင်း လက်ပံတန်းက PDF တွေ နောက်ပြီးတော့ နတ်မောက်,နန့်ဆန်က PDF တွေကို KIA က လက်နက် တပ်ဆင်ပေးထားတယ်ဆိုတဲ့ အကြောင်းတွေ သတင်းပို့လာတာပေါ့နော်။ ဒါပေမယ့်လည်း အလုပ်တစ်ခုကို သူတို့လုပ်ဖို့အတွက်ကို ပြင်နေပြီဆိုတဲ့ အကြောင်းလေးကို သတင်းပို့လာတဲ့ အခါကြတော့ ကျနော့် အနေနဲ့ ဆင်ခြင်ပြီးမှ အလုပ်လုပ်ရတာပေါ့။ ဘာလို့ဆို လက်နက်ကိုင် အဖွဲ့အစည်းကို ကျနော်တို့ ထိပ်တိုက် မတွေ့ဖို့တော့ အရေးကြီးပါတယ်။ ယနေ့ လောလောဆယ် နိုင်ငံရေးပါတီတွေကတော့ စွန့်စားရပါ လိမ့်မယ်၊ ဒါပေမယ့် သတိဝိရိယရှိစွာနဲ့ အလုပ်လုပ်ရမှာ ဖြစ်တယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလာခဲ့သည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းက တည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် တည်ရှိနေသော လက်နက်ကိုင် အင်အားစုများ လျှော့ချရေးနှင့် ပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သော နည်းလမ်းနှင့် အဖြေကို ရှာမတွေ့သေးပေ။

အဆိုပါ အခြေအနေများကြားမှာပဲ နိုင်ငံရေးပါတီများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။