CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁

၂၀၂၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရသည့် လွှတ်တော်အမတ်များ ပါဝင်သည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative)က ဦးဆောင်၍ နေပြည်တော်မှာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၄ ရက်ထိ ကျင်းပမည်ဖြစ်သည်။

မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပခြင်းသည် ကောင်းမွန်ကြောင်း၊ လွှတ်တော် အတွေ့အကြုံ မရှိသူများအတွက် အတွေးသစ် အမြင်သစ်များရရှိနိုင်သည်ဟု တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲ့ဒီဖိုရမ်ကတော့ ကျနော်တို့ ပါတီက ကိုယ်စားလှယ်တွေ တက်ဖြစ်ပါလိမ့်မယ်ဗျ။ သူတို့ အဖွဲ့အစည်းက တော့ ပါတီကိုယ်စားလှယ်ကို ဖိတ်တာပါ။ အမှန်တကယ်ကျတော့ ဒီဖိုရမ်လေး လုပ်တာကောင်း ပါတယ်ဗျ။ လွှတ်တော် မတက်ခင်မှာ ကျနော်တို့ ဒါဟိုတုန်းက လွှတ်တော် အတွေ့အကြုံရှိခဲ့တဲ့လူရှိမယ်၊ အတွေ့ အကြုံမရှိတဲ့လူလည်း ရှိလိမ့်မယ်။ အဲ့ဒါလေးတွေကို အခုလိုမျိုး ဖိုရမ်လေး ၂ ရက်၊ ၁၃၊ ၁၄ လုပ်ပေးတယ်ဆိုတဲ့အခါ ကြတော့ လွှတ်တော်ထဲမှာ တွေ့ကြုံရမယ့် ကိစ္စတွေ၊ ပြောဆိုဆွေးနွေး ကြမယ်ဆိုရင်တော့ လွှတ်တော်ထဲ အတွေ့ အကြုံမရှိတဲ့ လူတွေလည်း ပိုပြီးမှ ကောင်းသွားမယ်လို့တော့ မြင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကတော့ စာမျက် နှာအသစ် ဖွင့်ရတော့မှာလေ။ အခု ဒီရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကတော့ ဒါမျက်နှာစာသစ်မှာ ပထမဦးဆုံး မြည်းစမ်းကြရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အခါကြတော့ စနစ်ကျဖို့ တော့ အရေးကြီးတာပေါ့နော်။ လွှတ်တော်မစခင်လေးမှာ ဒီဖိုရမ်လေး ကျင်းပပေးခြင်းအားဖြင့် အတွေးသစ်၊ အမြင် သစ်တွေ ပိုပြီးမှ ရလာမယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပမည့် ကြော်ငြာကို တွေ့ရစဉ်

မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များကို သီးသန့် ဖိတ်ကြား ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ မပါကြောင်း၊ နိုင်ငံရေးပါတီ ခေါင်းဆောင် များလည်း မပါ‌ကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ ဆွေးနွေးခြင်းအားဖြင့် လွှတ်တော် အတွေ့အကြုံတွေကို အခု လွှတ်တော် မတက်ရသေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဒါပိုပိုပြီးမှ ဗဟုသုတတွေ၊ ကိုယ်လုပ်ဆောင်ချက်တွေကို ဒီကနေပြီးမှ ပိုပြီးမှ ရလာမယ်လို့ မြင်ပါတယ်။ ဒါလွှတ်တော် မစခင် ကျင်းပတဲ့အတွက် မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဆိုတာက လွှတ်တော် ကိုယ်စားလှယ်တွေကြီးပဲ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ အရေးကိစ္စပေါ့။ ဒါပေမယ့် အားနည်းချက် ကတော့ ဘာဖြစ်သွားလဲဆိုတော့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေပါ ဖိတ်ခဲ့မယ်ဆိုရင် အဲ့ဒီ လွှတ်တော်ထဲမှာ ပြောတဲ့လူပြော၊ နိုင်ငံရေးပါတီခေါင်းဆောင် လွှတ်တော်ပြင်ပ လှုပ်ရှားတဲ့လူ လှုပ်ရှား၊ ဒါဆို ဟန်ချက်ညီညီ လှုပ်ရှားသွားနိုင်ရင်တော့ ဒါမြန်မာ့မျက်နှာစာသစ်ကို၊ ပိုမိုကောင်းမွန်တဲ့ မျက်နှာစာသစ်ကို ပိုရောက်သွား နိုင်မယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

နေပြည်တော်မှာ ကျင်းပမည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှဖြစ်ကြောင်း၊ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ ပါ/မပါကိုတော့ သေချာမသိရသေးပေ။

အလားတူ နိုင်ငံရေးပါတီ ခေါင်းဆောင်များကို ဖိတ်ကြားခြင်းမရှိကြောင်း၊ ရွေးကောက်ပွဲ အနိုင်မရ၍ နိုင်ငံရေးပါတီ ခေါင်းဆောင်ဖြစ်သည့်တိုင် အဖိတ်ကြား မခံရသူများမှာ ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ စိုင်းဋ္ဌေး အောင်၊ ဦးကျော်စွာစိုး၊ စိုင်းအိုက်ပေါင်းတို့ ပါဝင်ကြသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်

မြန်မာ့မျက်နှာစာသစ်ဖိုရမ်သည် တချို့ပါတီဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင်များက ရွေးကောက်ခံ မဟုတ်သော် လည်း ဖိတ်စရာမလိုဘူးလား သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များကိုသာ သီးသန့် ရွေးချယ် ဖိတ်ကြား၍ သင်ခန်းစာမည့် ပုံစံမျိုးက လွှတ်တော်ကိုယ်စားလှယ်များ၏ အထက်က အဖွဲ့အစည်းလားဟု မေးခွန်းထုတ်စရာဖြစ် လာကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေးအားဖြင့် ဆွေးနွေးကြတယ် အခမ်းအနားတွေ ကျင်းပတယ်ဆိုတဲ့အခါမှာ ကျင်းပတဲ့၊ ဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ရှိမှာပေါ့။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် အရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်တယ်၊ အဲဒီထဲမှာတော့ တချို့ပါတီ ခေါင်းဆောင်တွေ ပါမှာပေါ့။ အဲဒီတော့ တချို့ပါတီဥက္ကဋ္ဌ တွေ၊ ပါတီခေါင်းဆောင်တွေက ရွေးကောက်ခံ မဟုတ်ဘူး။ အဲဒီတော့ ဖိတ်စရာမလိုဘူးလားပေါ့။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ဘာကြောင့် အဲဒီလိုမျိုး ဩဝါဒ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးဖို့လိုအပ်တာလဲပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေဆိုတာက တစ်ခုခု တော့ တွေ့ဆုံသွားပြီ၊ တွေ့ဆုံပြီးပြီလို့ သတ်မှတ်လို့ ရတာပေါ့။ လွှတ်တော်ကပဲ သူတို့ကိုဖိတ်ပြီး၊ လွှတ်တော်မှာပဲ ဆွေးနွေးရမယ့်ဟာကို ဘာကြောင့် အခုလို အခမ်းအနား၊ မျက်နှာစာသစ်ဆိုတာကို သင့်လျှော်ပါ၏လားဆိုတာ ပေးမယ့် ပုဂ္ဂိုလ်တွေဘက်က လိုအပ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အထက်က အဖွဲ့အစည်းလားပေါ့ ဒါလေး တွေက မေးခွန်းပေါ်လာမှာပေါ့။ လွှတ်တော်ကလည်း ကျင်းပတော့မယ် အဲဒီလို ကျင်းပဖို့အတွက်၊ အဲဒီလိုဖိတ်ဖို့ အဲဒီလို အခမ်းအနားဟာ လိုအပ်သလားပေါ့။ ကျောင်းတက်သလို သင်ခန်းစာပေးတာလားပေါ့”ဟု ပြောသည်။

မြန်မာ့မျက်နှာစာသစ်ဖိုရမ်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ် ပြီး မကြာခင် တက်လာမည့် အစိုးရသစ် အုပ်ချုပ်မည့် ကာလနှင့် အနာဂတ်အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာ အစီအစဉ် တစ်ခုဖြစ်ကြောင်း ဆိုကြသည်။