CNI International News
အစ္စလာမ်မာဘက်၊ မတ် ၁၁
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် မတ်လ ၉ ရက်၌ ရေနံစိမ်းဈေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့ရာ နိုင်ငံအများအပြားသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စီးပွားရေး ဂယက်ရိုက်ခတ် မှုများကို လျှော့ချရန် အရေးပေါ် စီမံချက်များကို လုပ်ဆောင်ခဲ့ကြသည်ဟု The Indian Express သတင်းမှ ဖော်ပြခဲ့သည်။
ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပြည်တွင်း ရေနံသုံးစွဲမှုကို လျှော့ချရန်အတွက် တစ်ပတ်လျှင် လေးရက်သာ အလုပ်လုပ်ရမည့်စနစ်ကို ကျင့်သုံးမည်ဟု အသီးသီး ကြေညာခဲ့ကြသည်။
တနင်္လာနေ့တွင် ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၁၁၅ ဒေါ်လာအထိ မြင့်တက်သွားခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်စစ်ပွဲသည် အချိန်တိုအတွင်း ပြီးဆုံးတော့ မည်ဟု ပြောကြားခဲ့ပြီးနောက် မတ်လ ၁၁ ရက်တွင် ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၈၂ ဒသမ ၅၀ ဒေါ်လာသို့ ပြန်လည် ကျဆင်းသွားခဲ့သည်။
ပါကစ္စတန်အစိုးရသည် ရေနံဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ရိုက်ခတ်လာမည့် ဒဏ်ကို ဟန့်တားနိုင်ရန် အစီအစဉ်များစွာ ချမှတ်ခဲ့ရာတွင် အစိုးရဌာနဆိုင်ရာ လုပ်ငန်းများကို သီတင်းတစ်ပတ် လျှင် ၄ ရက်သာ ဖွင့်လှစ်တော့မည်ဟု ကြေညာခဲ့သည်။
သို့သော်လည်း အခြေခံ အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများကိုမူ ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်သည်။

စက်သုံးဆီ အရောင်းဆိုင်ကို တွေ့ရစဉ်
ထို့ပြင် အစိုးရကဏ္ဍမှ ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို အိမ်မှနေ၍ အလုပ်လုပ်သည့် Work from home စနစ်ဖြင့် ညွှန်ကြားထားပြီး အခြေခံ အရေးကြီး ဝန်ဆောင်မှု ပေးနေသည့် ဝန်ထမ်းများသည် ထိုစနစ်အတွင်း အကျုံးဝင်မည် မဟုတ်ပေ။
ထို့ပြင် လာမည့် ၂ လတာ ကာလအတွင်း ဖက်ဒရယ်နှင့် ပြည်နယ်အဆင့် အစိုးရဌာနအားလုံးရှိ ရုံးသုံး မော်တော်ယာဉ်များ၏ ၆၀ ရာခိုင်နှုန်းကို အသုံးမပြုဘဲ ရပ်နားထားရန်လည်း သတ်မှတ်လိုက်သည်။
မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိ အဆင့်မြင့် ပညာရေးအဖွဲ့အစည်း အားလုံးအတွက် အွန်လိုင်းမှတဆင့် သင်ကြား ရန်နှင့် အခြေခံပညာကျောင်း အားလုံးအတွက် မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိ သီတင်းနှစ်ပတ်ကြာ ကျောင်းပိတ် ရက်အဖြစ် သတ်မှတ်ကြောင်း ပါကစ္စတန်အာဏာပိုင်များက ထပ်မံကြေညာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံကလည်း အစိုးရရုံးများအတွက် သီတင်းတစ်ပတ်လျှင် အလုပ်လုပ်ရက် လျှော့ချသည့် စနစ်သို့ ပြောင်းလဲ ကျင့်သုံးလိုက်ပြီး ဝန်ထမ်းများသည် မတ်လ ၉ ရက်မှ စတင်ကာ တစ်ပတ်လျှင် လေးရက်သာ အလုပ် ဆင်းရတော့မည်ဖြစ်သည်။
လက်ရှိတွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီများကလည်း အလားတူ ရုံးတက်ရက် လျှော့ချသည့် အစီအစဉ်၌ ပူးပေါင်းပါဝင် လာကြပြီ ဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand R. Marcos Jr.)က မတ်လ ၉ ရက်တွင် အစိုးရရုံးများ အတွက် ထိုအစီအစဉ်ကို စတင် အကောင်အထည်ဖော်ခဲ့ပြီးနောက် ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဖရန်စစ် အက်စကူဒီရို (Francis Escudero) ကလည်း ထိုဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်။
ပါကစ္စတန်သည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့အတွက် ပင်လယ်ကွေ့နိုင်ငံများကို မှီခိုနေရသလို ဖိလစ်ပိုင်နိုင်ငံ ကလည်း ရေနံစိမ်း အများစုကို အရှေ့အလယ်ပိုင်းဒေသအပေါ် မှီခိုနေရသည်။
Source: The Indian Express
