CNI International News
ဒါကာ၊ မတ်လ ၁၀
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တက္ကသိုလ်များကို မတ်လ ၉ ရက်မှစတင် ပိတ်ပင်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရက လောင်စာဆီ ရောင်းချမှုကို ကန့်သတ် ထိန်းချုပ်ခြင်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။
အာဏာပိုင်များသည် လျှပ်စစ်ဓာတ်အားနှင့် လောင်စာဆီ ချွေတာရန်အတွက် အရေးပေါ် စီမံချက်များ၏ တစ်စိတ် တစ်ပိုင်းအဖြစ် နိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်အားလုံးကို မတ်လ ၉ ရက်မှစတင်၍ ပိတ်ထား လိုက်ပြီး အစ်နေ့ ရုံးပိတ်ရက်များကိုလည်း စောစီးစွာ သတ်မှတ်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်ရုံသာမက လောင်စာဆီ ဖြုန်းတီးမှုဖြစ်စေသော ယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း လျော့ကျစေလိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သွားလာနေသူများကို တွေ့ရစဉ်
တက္ကသိုလ်ဝင်းများအတွင်းရှိ အဆောင်များ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် လေအေးပေးစက်များအတွက် လျှပ်စစ်ဓာတ်အား အများအပြား အသုံးပြုနေရသဖြင့် ကျောင်းများကို စောစီးစွာ ပိတ်လိုက်ခြင်းက လျှပ်စစ် ဓာတ်အား စနစ်အပေါ် ဖိအားလျော့ကျ စေလိမ့်မည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်အာဏာပိုင်များထံ ပေးပို့သော ညွှန်ကြားချက်တွင် လက်ရှိ ကမ္ဘာ့အခြေအနေကို ထည့်သွင်းစဉ်းစားပြီး လျှပ်စစ်နှင့် လောင်စာဆီ သုံးစွဲမှု လျှော့ချရန် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယခင်ကတည်းက အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများသည် ရာမာဒန် ဥပုပ်လအတွက် ပိတ်ထားခဲ့သဖြင့် ယခုအခါ နိုင်ငံတစ်ဝန်းရှိ ပညာရေးအဖွဲ့အစည်းအများစုမှာ ဆက်ပြီး ပိတ်ထားရတော့မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ စွမ်းအင် လိုအပ်ချက် ၉၅ ရာခိုင်နှုန်းအတွက် ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သွားလာနေသူများကို တွေ့ရစဉ်
ထို့ကြောင့် ပြည်သူလူထုကြား လောင်စာဆီများကို စိုးရိမ်တကြီး ဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်လာပြီးနောက် မတ်လ ၆ ရက်တွင် လောင်စာဆီ ရောင်းချမှုကို နေ့စဉ်ကန့်သတ်ချက်များ သတ်မှတ်ခဲ့သည်။
စွမ်းအင်ချွေတာရေး စီမံချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရသည် လျှပ်စစ်သုံးစွဲမှုကို ကန့်သတ်ရန်အတွက် နိုင်ငံခြားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ကျောင်းများနှင့် ပုဂ္ဂလိက ကျူရှင်သင်တန်းကျောင်းများကိုလည်း ထိုကာလအတွင်း ပိတ်ထားရန် တောင်းဆိုထားသည်။
ကျောင်းများ ပိတ်ထားခြင်းနှင့်အတူ အဖွဲ့အစည်းများနှင့် ရုံးဌာနများ အနေဖြင့် သဘာဝ အလင်းရောင်ကို အများ ဆုံး အသုံးပြုရန်နှင့် မလိုအပ်ဘဲ မီးထွန်းခြင်းနှင့် လျှပ်စစ်သုံးစွဲမှုများကို လျှော့ချခြင်း အပါအဝင် လျှပ်စစ်ဓာတ်အား ကို ပိုမိုထိရောက်စွာ အသုံးပြုကြရန် အစိုးရက လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။
Source: အယ်လ်ဂျားဇီးယား
