CNI International News

နယူးဒေလီ၊ မေလ ၂၄

အိန္ဒိယနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများကို သိသိသာသာ တိုးမြှင့်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအား ခိုင်မာအားကောင်းသော မိတ်ဖက်ဆက်ဆံမှု တစ်ခုအဖြစ် ပြောင်းလဲထူထောင်ခဲ့သည်ဟု Gulf News သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပြောင်းလဲတိုးတက်မှုသည် နှစ်နိုင်ငံအကြား စီးပွားရေး ကွဲပြားခြားနားမှု၊ စွမ်းအင်လုံခြုံရေးနှင့် ပထဝီ နိုင်ငံရေး အခြေအနေတို့ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများ ဖလှယ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း လျင်မြန်စွာ ပြောင်းလဲနေမှုကြောင့် ရှုပ်ထွေးပွေလီသည့် အရေးကိစ္စများကို အိန္ဒိယနှင့်ဆော်ဒီတို့က စီမံဖြေရှင်းနေရချိန်တွင် ၎င်းတို့၏ စီးပွားရေး မိတ်ဖက်ဆက်ဆံမှုသည် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုဆီသို့ ဦးတည်ခဲ့သည်။

ဆော်ဒီနဲ့ အိန္ဒိယဆက်ဆံရေးကို ညွှန်ပြနေစဉ်

ဆော်ဒီအာရေဗျသည် အိန္ဒိယ၏ အကြီးဆုံး ကုန်သွက်ဖက်နိုင်ငံများထဲတွင် ပါဝင်လာမှုနှင့်အအတူ နှစ်နိုင်ငံအကြား ကုန်သွယ်မှု တန်ဖိုးမှာလည်း မြင့်တက်ခဲ့ကာ ၂၀၂၁ ခုနှစ်က နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၃၄ ဘီလျံရှိခဲ့သည်။

အိန္ဒိယသည် ၎င်း၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ဆော်ဒီနိုင်ငံထံမှ ရေနံစိမ်းများကို တင်သွင်း ဝယ်ယူခဲ့သည်။ 

အပြန်အလှန်အနေဖြင့် အိန္ဒိယက ဆော်ဒီကို သန့်စင်ပြီး ရေနံထုတ်ကုန်များ၊ ဓာတုပစ္စည်းများနှင့် လယ်ယာသုံး ထုတ်ကုန်များ အပါအဝင် ကုန်စည် အများအပြားကို တင်ပို့ရောင်းချခဲ့သည်။

နှစ်နိုင်ငံအကြား ထိပ်သီးအဆင့် သွားရောက်သည့် ခရီးစဉ်များနှင့် မဟာဗျူဟာမြောက် သဘောတူညီချက်များက မိတ်ဖက်ဆက်ဆံမှုကို ပိုမိုခိုင်မာအားကောင်းစေခဲ့သည်။

၂၀၁၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယ-ဆော်ဒီ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကောင်စီ သဘောတူညီချက်သည် နှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အခရာ ကျခဲ့သည်။

မိုဒီနဲ့ဆော်ဒီမင်းသားကို တွေ့ရစဉ်

ထို့ပြင် ၂၀၃၀ ဆော်ဒီ အတွေးအမြင် (Saudi Vision 2030) ထုတ်ပြန်ချက်သည်လည်း အိန္ဒိယ၏ စီးပွားရေး ရည်မှန်းချက်များနှင့် ကိုက်ညီနေပြီး အခြေခံ အဆောက်အအုံ၊ ပြန်ပြည့်မြဲ စွမ်းအင်နှင့် နည်းပညာကဏ္ဍကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တက်စေခဲ့သည်။

စွမ်းအင်ကဏ္ဍသည်လည်း နှစ်နိုင်ငံ ဆက်ဆံရေး၏ မှတ်ကျောက်တစ်ခု ဖြစ်ခဲ့သည်။ ဆော်ဒီသည် အိန္ဒိယ၏ စွမ်းအင် လိုအပ်ချက်၏ ကြီးမားသည့် ပမာဏကို ဖြည့်တင်းပေးနိုင်ခဲ့သည်။ 

ရေနံအပြင် ရေနံဓာတုပစ္စည်းများနှင့် ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့သည်။

ဆော်ဒီနိုင်ငံကလည်း အိန္ဒိယတွင် အိမ်ခြံမြေ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် နည်းပညာကဏ္ဍ အပါအဝင် ကွဲပြားခြားနားသည့် ကဏ္ဍအများအပြား၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

Source: Gulf News