CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၀
ပင်လုံစာချုပ်သဘောတူညီချက်အရ အားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဆိုပါက စုပေါင်း၍ စီမံခန့်ခွဲပြီး ကိုယ့်ပြည်နယ်နှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါက ထိုပြည်နယ်ရှိ တာဝန်ရှိသူကပဲ စီမံခန့်ခွဲမည့် သဘော တရားကို လက်ခံကျင့်သုံးပါက စိတ်ပူစရာမလိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များ၏ ရည်မှန်းချက် များမှာ ဖက်ဒရယ်ထက်ကျော်လွန် စဉ်းစားနေမှုများရှိပြီး ကွန်ဖက်ဒရေးရှင်း အဆင့်ကိုလည်း လိုလားနေ ကြသည်။
အဆိုပါ ရလိုမှုများအပေါ် အစိုးရဘက်က ဖက်ဒရယ်ကို လက်ခံသော်လည်း ကွန်ဖက်ဒရေးရှင်းကိုတော့ လက်မခံကြောင်း၊ ဖက်ဒရယ်ဆိုသည့် နေရာမှာလည်း ဗဟိုချုပ်ကိုင်မှု အားနည်းသည့် လက္ခဏာကို အစိုးရက လက်ခံနိုင်ခြေ နည်းကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် ပင်လုံဟု ပြောလိုက်လျှင် ခွဲထွက်ရေးဟုသာ သဘောပေါက် နားလည်ကြပြီး တကယ့် ပင်လုံစာချုပ် သဘောတူညီချက် အစစ်အမှန်မှာ ထိုသို့ မဟုတ်ဘဲ ကိုယ့်ပြည်နယ်ကို ကိုယ်သီးသန့် အုပ်ချုပ်နိုင်ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်၊ တပ်မတော်၊ အစိုးရ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ပင်လုံစာချုပ်နဲ့ နောက်ဆက်တွဲ သဘောတူညီချက်တွေ အရဆိုရင် အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စ တွေကို ဗဟိုအစိုးရက ကိုင်မယ်ပေါ့။ ဒါပေမယ့် သူ့ပြည်နယ်နဲ့သူ သက်ဆိုင်တဲ့ ကိစ္စတွေကတော့ သူ့ ပြည်နယ်က ကိုင်မယ်။ အဲဒီလို ပြောလိုက်တဲ့ အခါကြတော့ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စကို ဗဟိုက ကိုင်မယ် ဆိုတော့ ဗမာအစိုးရက ကိုင်ပြီးတော့မှ ဗမာမဟုတ်တဲ့ လူမျိုးတွေကတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ်ပဲ လားလို့ အဲဒီလိုမျိုး အဓိပ္ပါယ်ပေါက်နိုင်တယ်။ အဲဒီလိုမျိုးလည်း သဘောပေါက်ကြတယ်။ တကယ်တမ်း ကြတော့ ဒီကျနော်တို့ ပင်လုံစာချုပ်ကို ရေးဆွဲပြီးတော့မှ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေက အဲဒီလို မမှတ်ကြဘူးပေါ့။ ဒါဗမာ အပါအဝင်ပါပဲ။ ဗဟိုအစိုးရမှာက ဗမာပဲရှိမှာ မဟုတ်ဘူး။ တိုင်းရင်းသား ခေါင်း ဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေလည်း ရှိမယ်၊ တူတူရှိမယ်လို့ ဆိုလိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပင်လုံစာချုပ်ကို ကြည့်လိုက်ပါ။ နံပါတ် ၁ ကနေ ၄ အထိက ဗဟိုအစိုးရနဲ့ ပတ်သက်တာ ဖြစ်တယ်။ ဒီဗဟိုအစိုးရနဲ့ ပတ်သက်တဲ့ နေရာမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ပါဝင်နေတယ်ဆိုတာ တွေ့ရတယ်။ ဒီတော့ ဒီတိုင်းရင်းသားခေါင်းဆောင်တွေ သူတို့ကိုယ်တိုင် ပါနေတယ်ဆိုတော့ ပြည်နယ် တွေမှာ သူတို့ သီးသန့်အုပ်ချုပ်နေပေမယ့် ဗဟိုအစိုးရက ဘာမှပူစရာမလိုဘူး။ ဘာလို့မပူရလဲ။ အခု အများအားဖြင့်ကတော့ ပင်လုံလို့ ပြောလိုက်တယ်ဆိုရင် ဟာ ခွဲထွက်ရေးပဲ၊ ဒီကောင်တွေ လွတ်လပ်ရေး ယူချင်တယ် အဲဒီလိုမျိုး သဘောပေါက်တယ်။ တကယ်တမ်းတော့ ပင်လုံက လုပ်ခဲ့တာ ဒါမျိုးအတွက် မဟုတ်ဘူး။ သူက ကိုယ့်ပြည်နယ်ကို ကိုယ်သီးသန့် အုပ်ချုပ်နိုင်တယ်” ဟု ပြောသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် တောင်တန်းဒေသနှင့် ပြည်မတို့ ပူးပေါင်း၍ လွတ်လပ်ရေးယူရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အဓိက သဘောတူညီ ချက် ၅ ချက် အပါအဝင် စုစုပေါင်း ၉ ချက် ပါဝင်သည်။

တိုင်းရင်းသား လူငယ်များကိုတွေ့ရစဉ်
အဓိက သဘောတူညီချက် ၅ ချက်မှာ တောင်တန်းဒေသများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကောင်စီသည် ပြည်မအစိုးရတွင် ပါဝင်ရန်နှင့် အုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ တောင်တန်း ဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်တွင်းရေးရာများတွင် အုပ်ချုပ်ပိုင်ခွင့်ရှိစေရန်၊ ကချင် တောင်တန်း ဒေသများအတွက် သီးခြားပြည်နယ်တစ်ခု ထူထောင်ရန်၊ တောင်တန်းဒေသများ အနေဖြင့် ပြည်မနည်းတူ ဘဏ္ဍာရေး အခွင့်အရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တန်းတူအခွင့်အရေးများ ရရှိရန်၊ တောင်တန်းဒေသနှင့် ပြည်မတို့ အတူတကွ ပူးပေါင်း၍ လွတ်လပ်ရေး ယူပြီးနောက် စည်းလုံးညီညွတ်စွာ နေထိုင်ရန်တို့ ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လက်နက်ကိုင် အဖွဲ့အစည်း ပိုမို များပြားလာသကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများသည်လည်း ပိုမိုကြီးမား ကျယ်ပြန့်လာ လျက်ရှိသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် NUG-PDF တို့ ပူးပေါင်းကာ နယ်မြေများ သိမ်းပိုက်ရရှိရေး ဆိုသည့် စစ်ဆင်ရေးကို ဆင်နွှဲနေကြသည်။
ထိုအခင်းအကျင်း၌ အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် ယခင်ရရှိထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများကို ကျော်လွန်၍ နယ်မြေများကို သိမ်းပိုက် ရရှိထားကြသည်။
၎င်းတို့ သိမ်းပိုက် ရရှိထားသည့် နယ်မြေများအတိုင်း နိုင်ငံတော်မှ ခွင့်ပြုပေးလိုက်မည်ဆိုပါက အချို့ ပြည်နယ်ဒေသများတွင် ပြဿနာရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံကျင်းပနေစဉ်
၎င်းက “အခု သူတို့ သိမ်းထားတဲ့အတိုင်း ပေးလိုက်မယ်ဆိုပြန်ရင်လည်း ကျန်တဲ့ တိုင်းရင်းသားတွေက SSA တို့ အဖွဲ့လို၊ ရှမ်းပြည်နယ်မှာရှိတဲ့ တခြားအဖွဲ့တွေ၊ နောက် ရခိုင်မှာဆိုရင်လည်း ချင်းနဲ့သူတို့ ပြဿနာ ရှိတယ်။ ချင်းပြည်နယ်နဲ့ ပလက်ဝ ကိစ္စလားမသိဘူး အဲဒီလို ပြဿနာလေးတွေရှိတော့ အဲဒါ လက်ခံဖို့ ခဲယဉ်းတယ် တခြားတိုင်းရင်းသားက။ ကောင်းတာကတော့ ဒီဟာကို Referendum အဲဒီဒေသ က ပြည်သူလူထုပေါ့။ သက်ဆိုင်ရာ ဒေသက ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်နဲ့ သတ်မှတ်မယ်ဆိုတဲ့ဟာ မျိုး သူတို့လက်ခံလာအောင် ဆွေးနွေးဖို့ လိုတယ်။ အဲဒါက ကိုယ်က တင်ပြရမှာ ဗဟိုအစိုးရကနေပြီးမှ တင်ပြရမှာ။ တင်ပြပြီးတော့ တရုတ်ကလည်း အဲဒါကို သဘောကျတယ်၊ သဘောတူတယ်ဆိုရင် အဲဒီက ဟာကို အကောင်အထည်ဖော်ပြီးတော့ နယ်မြေတွေကို အဲဒီလို သတ်မှတ်ပေးလိုက် ” ဟု ပြောသည်။
NLD အစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်း သား လက်နက်ကိုင်များ၏ ရည်မှန်းချက်များ မတူညီကြတော့ဘူးဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ အကြား သုံးသပ်မှုများ ရှိနေကြသည်။
EAO များ၏ နဂိုရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တူညီပြီး ပြည်နယ် များမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝ ရရှိရေးမှာလည်း တူညီကြကြောင်း၊ သို့သော် စစ်ရေးအရ အသာစီး ရလာသည့် အဖွဲ့အစည်းများကြားတွင် ဖက်ဒရယ်ပြည်ထောင်စုထက် အဆင့်မြင့် သည့် ရည်မှန်းချက်များ ရှိလာကြကြောင်း ၎င်းတို့က ထောက်ပြကြသည်။
