CNI International News
နယူးဒေလီ၊ မတ်လ ၁၀
အီရန်နိုင်ငံက ၎င်းတို့၏ စစ်သင်္ဘောသုံးစင်းကို အိန္ဒိယ၏ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ပြုရန် တောင်းဆိုခဲ့ ပြီးနောက် အိန္ဒိယက အီရန်၏ တောင်းဆိုချက်ကို မတ်လ ၁ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုကဲ့သို့ အီရန်သင်္ဘောများကို အိန္ဒိယဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့် ပြုခဲ့ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ် သည်ဟု အိန္ဒိယအစိုးရက ယုံကြည်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) က မတ်လ ၉ ရက်၌ ပြောကြားခဲ့သည်။
အီရန်အစိုးရက ၎င်းတို့၏ သင်္ဘောများကို အိန္ဒိယဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ပြုရန် ဖေဖော်ဝါရီ ၂၈ ရက်က တောင်းဆိုခဲ့ပြီး အိန္ဒိယက မတ်လ ၁ ရက်၌ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အီရန်စစ်သင်္ဘော သုံးစင်းအနက် IRIS Lavan အမည်ရှိ သင်္ဘောသည် မတ်လ ၄ ရက်နေ့တွင် အိန္ဒိယတောင်ပိုင်း ကိုချီ (Kochi) ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး ထိုသင်္ဘောပေါ်ပါလာသည့် သင်္ဘောသားများသည်လည်း အိန္ဒိယ ရေတပ်ပိုင် အဆောက်အအုံများ၌ ရှိနေကြောင်း ဂျိုင်ရှန်ကာက လွှတ်တော်ကို ပြောကြားခဲ့သည်။
ထိုသင်္ဘောသည် ဖေဖော်ဝါရီလ အတွင်းက ဝိသာခါပတ္တနမ် (Visakhapatnam) မြို့တွင် အိန္ဒိယရေတပ်က အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရေတပ်အင်အားပြပွဲနှင့် MILAN 2026 နိုင်ငံစုံ ရေတပ်စစ်ရေး လေ့ကျင့်မှုများတွင် ပါဝင်ခဲ့သည်။

အီရန်စစ်သင်္ဘောကို တွေ့ရစဉ်
ထိုနေ့မှာပင် အခြား အီရန် ဖရီးဂိတ် စစ်သင်္ဘော တစ်စင်းဖြစ်သော IRIS Dena သင်္ဘောသည် အိန္ဒိယသမုဒ္ဒရာ အတွင်း အမေရိကန် ရေငုပ်သင်္ဘောတစ်စင်း၏ တော်ပီဒိုဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့သည်။
IRIS Dena သင်္ဘောသည် သီရိလင်္ကာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းရှိ ဂယ်လီ (Galle) မြို့နှင့် ရေမိုင် ၄၀ ခန့် အကွာ နိုင်ငံတကာ ရေပိုင်နက်အတွင်း နစ်မြှုပ်သွားခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာ အာဏာပိုင်များက ထိုသင်္ဘောနစ်မြှုပ်မှုတွင် ရုပ်အလောင်း ၈၇ လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး အသက် ရှင် ကျန်ရစ်သည့် သင်္ဘောသား ၃၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။
နစ်မြှုပ်သွားခဲ့သော IRIS Dena စစ်သင်္ဘောသည်လည်း ဝိသာခါပတ္တနမ်မြို့တွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ခဲ့ပြီး အီရန်သို့အပြန် လမ်းခရီးမှာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
တတိယမြောက် အီရန်သင်္ဘောဖြစ်သည့် IRIS Bushehr သည် သီရိလင်္ကာ ရေပိုင်နက် အပြင်ဘက်တွင် အင်ဂျင် ချို့ယွင်းမှု ဖြစ်ပွားကြောင်း သတင်းပို့ခဲ့သဖြင့် သီရိလင်္ကာဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်ပြုခဲ့ပြီး သီရိလင်္ကာအာဏာ ပိုင်များက ထိန်းသိမ်းစောင့်ရှောက်ထားသည်။
Source: ရိုက်တာ
