CNI International News

နယူးဒေလီ၊ မတ်လ ၁၁

အနောက်အာရှ (အရှေ့အလယ်ပိုင်းဒေသ)တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဆွေးနွေးမှုများဖြင့် ဖြေရှင်းသင့် သလို စွမ်းအင်လုံခြုံရေးကိုလည်း လိုလားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ (S Jaishankar) က မတ်လ ၉ ရက်၌ အထက်လွှတ်တော်မှာ ပြောကြားခဲ့သည်ဟု The Indian Express သတင်းမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းများ အပါအဝင် ထိခိုက် သေဆုံးမှု များပြားခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ပြီး ထိုပဋိပက္ခနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ၏ အဓိကအလိုဆန္ဒ ၃ ရပ်ကို အလေးပေးဖော်ပြခဲ့သည်။

ထိုအလိုဆန္ဒ ၃ ခုမှာ ဆွေးနွေးပွဲ လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးကို လိုလားခြင်း၊ ပြည်ပရောက် အိန္ဒိယ နိုင်ငံသားများ၏ လုံခြုံရေးကို ဦးစားပေးကိစ္စအဖြစ် ရှုမြင်ခြင်းနှင့် စွမ်းအင်လုံခြုံရေးကို အလွန်အရေးကြီးသော ကိစ္စရပ်အဖြစ် သတ်မှတ်ခြင်းတို့ ဖြစ်သည်ဟု ဂျိုင်ရှန်ကာက ပြောသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာကို တွေ့ရစဉ်

အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့် ပတ်သက်ပြီး လွှတ်တော်တွင် အချေအတင် ဆွေးနွေးရန် အတိုက်အခံ များ၏ ကန့်ကွက် ဆန္ဒပြမှုများကြားမှ ဂျိုင်ရှန်ကာက အထူးထုတ်ပြန်ချက် တစ်ရပ်ကို တင်သွင်းခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့၌ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသရှိ အိန္ဒိယနိုင်ငံသား ၆၇,၀၀၀ ခန့်သည် နေရပ်သို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သီရိလင်္ကာကမ်းလွန်တွင် အီရန်စစ်သင်္ဘောတစ်စင်း နစ်မြှုပ်ခဲ့သည့် ဖြစ်စဉ်ကို ရည်ညွှန်းပြီး အီရန်သင်္ဘော သုံးစင်း ကို အိန္ဒိယဆိပ်ကမ်းများ၌ ဆိုက်ကပ်ခွင့်ပြုရန် အီရန်နိုင်ငံက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

 အီရန်စစ်ပွဲအတွင်း အိန္ဒိယရဲ့ အခန်းကဏ္ဍကို သရုပ်ဖော်ပြထားစဉ်

အီရန်၏ တောင်းဆိုမှုကို အိန္ဒိယက မတ်လ ၁ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ ခွင့်ပြုပေးမှုသည် မှန်ကန်သည့် လုပ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ (Abbas Araghchi) ကလည်း အိန္ဒိယ၏ ကူညီမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ဂျိုင်ရှန်ကာက ဆိုသည်။

အီရန်နိုင်ငံနှင့် အဆက်အသွယ် မပြတ်စေရန် ကြိုးပမ်းနေသော်လည်း လက်ရှိ အခြေအနေတွင် ခေါင်းဆောင်ပိုင်း အဆင့် တွေ့ဆုံဆွေးနွေးရန်မှာ  ခက်ခဲနေဆဲဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီနှင့် နှစ်ကြိမ်တိုင်တိုင် ဖုန်းဆက်သွယ် ပြောဆိုခဲ့ကြောင်း ဂျိုင်ရန်ကာက ပြောသည်။ 

“တင်းမာမှုတွေကို လျှော့ချဖို့နဲ့ အခြေခံ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးနဲ့ သံတမန် နည်းလမ်းတွေကိုသာ ဆက်လက် လုပ်ဆောင်သင့်တယ်လို့ ကျနော်တို့ ယုံကြည်ခဲ့သလို အခုလည်း ဆက်လက် ယုံကြည်ထားပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

Source: The India Express