CNI International News

နယူးဒေလီ၊ ဇူလိုင် ၁

အိန္ဒိယနိုင်ငံသည် ဂျီနီဗာ (Geneva) မြို့ရှိ နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ (IOM) ဌာနချုပ်တွင် အမြဲတမ်း ကိုယ်စားလှယ်အဆင့် ကိုလံဘိုလုပ်ငန်းစဉ် အစည်းအဝေးကို သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည် ဟု Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဇွန်လ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးတွင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ ကောင်စစ်ဝန်ရေးရာ၊ ပတ်စပို့၊ ဗီဇာနှင့် ပြည်ပရေးရာဌာန၏ အတွင်းဝန် မွတ်တက်ရှ် ပါဒီရှီ (Muktesh Pardeshi) က မိန့်ခွန်းပြောကြား ခဲ့သည်။

အိန္ဒိယသည် ယခုနှစ် မေလကစပြီး ကိုလံဘိုလုပ်ငန်းစဉ်၏ ဥက္ကဋ္ဌနေရာကို ရယူခဲ့ခြင်းဖြစ်သည်။

ကိုလံဘိုလုပ်ငန်းစဉ်၏  ရည်မှန်းချက်များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင်တင်ရေး တွင် အိန္ဒိယ၏ ကတိကဝတ်များကို ပါဒီရှီက ပြောကြားခဲ့သည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

ကိုလံဘိုလုပ်ငန်းစဉ် အစည်းအဝေး ကျင်းပနေစဉ်

အိန္ဒိယသည် လာမည့် ၂ နှစ်အတွက် လုပ်ဆောင်ရမည့် အစီအစဉ်ကို တင်ပြခဲ့ပြီး ကိုလံဘို လုပ်ငန်းစဉ် မြင့်တက် စေရန် ဦးစားပေး ကိစ္စရပ်များနှင့် အစီအစဉ်များကိုလည်း ဖော်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၄-၂၀၂၆ ခုနှစ် ကိုလံဘို လုပ်ငန်းစဉ်အတွက် အစီအစဉ်များထဲတွင် ၁- ကိုလံဘိုလုပ်ငန်းစဉ်၏ ဘဏ္ဍာရေး ခိုင်မာမှုကို ပြန်လည်စိစစ်ရေး၊ ၂-အဖွဲ့ဝင်နိုင်ငံများနှင့် စောင့်ကြည့်နိုင်ငံများ အပါအဝင် အဖွဲ့ဝင်ဖြစ်ခွင့်ကို ပိုမို ချဲ့ထွင်ရေး၊ ၃- လုပ်ထုံးလုပ်နည်းအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သီးသန့်စီစဉ်ထားရှိရေး၊ ၄- အလှည့်ကျ ဥက္ကဋ္ဌရာထူး နေရာအတွက် ဖွဲ့စည်းပုံရေးဆွဲရေး၊ ၅- ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းလုံခြုံမှု၊ စနစ်ကျမှုနှင့် ပုံမှန်ဖြစ်သည့် ရွှေ့ပြောင်းနေထိုင်မှု (GCM) ကို ဒေသတွင်းအဆင့် ပြန်လည်သုံးသပ်ရေး၊ ၆- အဘူဒါဘီ ဆွေးနွေးပွဲ (ADD) အပြင် အခြားဒေသတွင်း လုပ်ငန်းစဉ်များနှင့်အတူ ထိတွေ့ဆက်ဆံရေးတို့ ပါဝင်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

ဘေးကင်းလုံခြုံမှု၊ စနစ်ကျမှုနှင့် တရားဝင် ရွှေ့ပြောင်းနေထိုင်မှုအတွက် အိန္ဒိယ၏ ခေါင်းဆောင်မှု အပိုင်းကို အိန္ဒိယ၏ ဥက္ကဋ္ဌသက်တမ်းတွင် ပထမဆုံးအကြိမ် ကိုလံဘိုလုပ်ငန်းစဉ် အစည်းအဝေး၌ တင်ပြခဲ့ပြီး ထောက်ခံ ပေးခဲ့သည့် အဖွဲ့ဝင်နိုင်ငံများကို ကျေးဇူးတင်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုမီဒီယာ၌ ရေးသား ဖော်ပြခဲ့သည်။

ကိုလံဘိုလုပ်ငန်းစဉ် အစည်းအဝေးမှာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

ကိုလံဘို လုပ်ငန်းစဉ်သည် အာရှတိုက်မှ အဖွဲ့ဝင် ၁၂ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည့် ဒေသတွင် အတိုင်ပင်ခံ လုပ်ငန်း စဉ် တစ်ခုဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများနှင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ဖလှယ်ရန် ရည်ရွယ်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ကိုလံဘို လုပ်ငန်းစဉ်၏ ရုံးဌာနကို ဂျီနီဗာမြို့တော်ရှိ IOM ဌာနချုပ်တွင် ဖွင့်လှစ်ထားပြီး အိန္ဒိယသည် ၂၀၂၄ ခုနှစ်၊ မေလတွင် ကိုလံဘိုလုပ်ငန်းစဉ်၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ် လက်ခံရယူခဲ့ခြင်းဖြစ်သည်။

Source: Devdiscourse