CNI International News
မွမ်ဘိုင်း၊ မတ်လ ၄
အီရန်စစ်ပွဲကြောင့် ရုရှားနိုင်ငံမှ ရေနံများဝယ်ယူမှုကို လျှော့ချပြီး အခြားနေရာများမှ ရေနံများဝယ်ယူရန် ကြိုးပမ်း နေသည့် အိန္ဒိယ၏ အစီအစဉ်သည် ပျက်ပြားသွားမည့် အခြေအနေတွင် ရှိနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။
အီရန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ပြောကြားခဲ့ပြီးနောက် အိန္ဒိယ၏ လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး ရုရှားထံမှ ရေနံ ပြန်လည်ဝယ်ယူရမည့် အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။
ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ ရေနံစိမ်း တင်သွင်းမှု စုစုပေါင်း၏ ၃ ပုံ ၂ ပုံ (၆၆ ရာခိုင်နှုန်း) သည် ဆော်ဒီ၊ အီရတ်၊ ယူအေအီး၊ ကူဝိတ်နှင့် ကာတာနိုင်ငံတို့ကဲ့သို့ အရှေ့အလယ်ပိုင်းနိုင်ငံများထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားကိုတွေ့ရစဉ်
ထို့ကြောင့် အိန္ဒိယ၏ ရေနံစိမ်း တင်သွင်းမှု စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း နေရခြင်းဖြစ်သည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းမှ ရေနံများ ပို့ဆောင်သည့် သင်္ဘောလမ်းကြောင်းများ ပိတ်ပင်ခံခဲ့ရမည်ဆိုပါက အိန္ဒိယသည် အာဖရိက သို့မဟုတ် အမေရိကန်ထံမှ ရေနံများ ဝယ်ယူနိုင်သော်လည်း သယ်ယူပို့ဆောင်ရသည့် ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်သွားမည်ဖြစ်သည်။
ထို့ကြောင့် အိန္ဒိယအတွက် ရုရှားနိုင်ငံမှ ရေနံကို ဝယ်ယူခြင်းသည် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လာမည် ဖြစ်သည်။
ရုရှားရေနံများသည် အရှေ့အလယ်ပိုင်း လမ်းကြောင်းများကို ဖြတ်သန်းစရာမလိုဘဲ တခြားလမ်းကြောင်းများ (ဥပမာ - အာတိတ်ပင်လယ်လမ်းကြောင်း သို့မဟုတ် ပိုက်လိုင်းများ) မှ ပေးပို့နိုင်သည့် အားသာချက်ရှိသည်။
Source: Nikkei Asia
