CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀

မြန်မာနိုင်ငံတွင် စက်သုံးဆီ လိုအပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် “စုံ” ရက်၊ “မ” ရက် ခွဲခြားကာ မော်တော် ယာဥ် ကန့်သတ်မောင်းနှင်စေခြင်း သတ်မှတ်ချက်က အခွင့်ထူးခံဆိုသော အတန်းစား တစ်ရပ်ကို အားပေးအား မြှောက် လုပ်သလိုဖြစ်နေသလို လူထုအတွက်လည်း အခက်အခဲများ ပိုဖြစ်စေသည်ဟု ထောက်ပြမှုများ ရှိလာ သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံ‌ခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

မော်တော်ယာဥ်များ စုံ/မ ရက်ခွဲခြားပြီး ကန့်သတ် မောင်းနှင်စေခြင်းသည် ပြည်သူများ အကြားတွင် EV (လျှပ်စစ်ကား)သုံးစွဲသည့်သူများ တစ်ပန်းသာနေသည့် အနေအထားမျိုး ဖြစ်နေကြောင်း၊ ထိုသို့ စုံ/မ ကားထွက် ရက် ခွဲခြားသတ်မှတ်သည့် ပြဋ္ဌာန်းချက်သည် ပြည်သူများအတွက် အခက်တွေ့စေသလို တရားမျှတမှု မရှိသည့် အနေအထားမျိုး မြင်တွေ့ရသည်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “စုံ၊ မ ကားကို လုပ်တယ်ဆိုလို့ရှိရင် နိုင်ငံသားအားလုံးကို အဓိက ဆီချွေတာချင်လို့ စုံ၊ မ ကားကို လုပ်တယ် ဆိုရင် ဘာဖြစ်လို့ EV ကားတွေကိုကျတော့ သူတို့က ဆီနဲ့မဆိုင်ဘူးဆိုပြီးတော့ သူတို့မောင်းချင်တိုင်း မောင်းတယ် ဆိုတဲ့ သဘောတရားကို လွှတ်လိုက်မယ်ဆိုလို့ရှိရင် ဒါဟာ EV ကား ရောင်းရနေဖို့ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက် သွားစေတယ်ပေါ့နော်။ အဲဒီတော့ ပြည်သူလူထုတွေ အားလုံးမှာ EV ကားကိုပဲ စီးတဲ့လူတွေကပဲ တစ်ပန်းသာနေ သလိုလို ဆိုတဲ့ ပုံစံက ဖြစ်နေတယ်ပေါ့နော်။ သာမန် (စုံ၊ မ) စီးနေတဲ့ ကားက လူတွေကျတော့ရော သားသမီးတွေ ကတော့ရော တစ်ရက်ကျောင်း တက်ပြီးတော့ တစ်ရက်အလုပ်သွားပြီး နောက်တစ်နေ့မှာ ငုတ်တုတ်ထိုင်နေရမှာ လား။ အဲ့ဒါကတော့ (Not Fair) ပေါ့နော်။ ကျမမြင်တာ ဒီနေရာကိုတော့ သွားမြင်တယ်။ အဲဒါ နံပါတ်တစ်အချက် ပေါ့နော်” ဟု ပြောသည်။

စက်သုံးဆီ ထည့်နေသူများကို တွေ့ရစဉ်

ထို့ပြင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေပြဋ္ဌာန်းချက် အပေါ်တွင် အခွင့်ကောင်းယူကာ ကိုယ်ကျိုး စီးပွားရှာမည့် ပုဂ္ဂိုလ် များလည်း ရှိလာနိုင်သည်ဟု ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။ 

၎င်းက “နံပါတ်(၂) အချက်ကတော့ ‌ဆီချွေတာဖို့ကို ဦးတည်ပါတယ်ဆိုရင် နိုင်ငံတော်ကနေ တစ်ခုခုပြလိုက်တာနဲ့ အဲဒီ ပြဋ္ဌာန်းချက်ပေါ်မှာ အခွင့်ကောင်းယူပြီးတော့ လုပ်စားကြတဲ့ဟာတွေ မြင်နေရတာလည်း သိပ်အဆင်မပြေ ဘူး။ တကယ်တမ်းဆိုရင် သူတို့တွေက တော်တော် ဆိုးဆိုးဝါးဝါးတွေ လမ်းမှာ လမ်းရှင်းဖို့၊ အန္တရာယ်ကင်းစေဖို့ ပြည်သူလူထု ယာဉ်အန္တရာယ် ကင်းစေဖို့ ယာဉ်ထိန်းရဲတွေက လုပ်နေတာ မဟုတ်ဘူး‌‌လေ။ သူတို့ရဲ့ စားဝတ် နေရေး ရှာဖွေဖို့ အတွက်ကိုပဲ လမ်းမပေါ်တက်ပြီး လုပ်ပေးနေတဲ့ဟာက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီ တော့ ဒါက အဆင်မပြေပါဘူး။ ကျနော့်အမြင်ကတော့ ဆီချွေတာအောင် ‌လုပ်တယ်ဆိုရင် ဆီချွေတာတဲ့ စနစ်ကိုပဲ ကျင့်သုံးလိုက်ပါ။ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတယ်ပေါ့နော်” ဟု ပြောသည်။ 

ထိုသို့ စက်သုံးဆီ ချွေတာရေးအတွက် မော်တော်ယာဥ်များ စုံ/မ ရက် ခွဲခြား၍ မောင်းနှင်သည့်စနစ်ကို ချိုးဖောက် ပါက မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ်တစ်လ၊ ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည်ဟု သိရသည်။

စုံ/မ အကြောင်း မေးမြန်းမှုများနှင့် ပတ်သက်ပြီး အရေးယူသည့်ရက် မတိုင်ခင်တွင် တိကျစွာတင်ပြပေးမည်ဟု ယာဉ်ထိန်းရဲအရာရှိ ဒုတိယရဲမှူး ကျော်စိုးလွင်မှ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ 

စုံ/မ ရက် သတ်မှတ်ခြင်း ဥပဒေပါ ထောင်ဒဏ် ချမှတ်ခြင်းက မဖြစ်သင့်ကြောင်း၊ အစိုးရအပေါ် ပြည်သူလူထုက အမြင်စောင်းစေနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ပြန်လည်စဥ်းစားရန် လိုအပ်ကြောင်း ရန်ကုန်စောင့် ကြည့်အဖွဲ့ တည်ထောင်သူ ဒေါ်‌ညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။ 

စက်သုံးဆီ ထည့်နေကြတဲ့ ကားများကိုတွေ့ရစဉ်

၎င်းက “အဲဒီတော့ ဒီစနစ်ကြီးဟာ လုံးဝကြီး မကောင်းတဲ့ စနစ်‌တော့လည်း မဟုတ်ဘူး။ လေထု ညစ်ညမ်းမှု အတွက်ရော စက်သုံးဆီ ချွေတာရေးအတွက်ရော သင့်တော်တဲ့ အစီအမံတစ်ခုဖြစ်တယ်။ သို့သော်လည်းပဲ လုံးဝ ပြည့်စုံနေတဲ့ စီမံချက်တစ်ခုတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအစီအစဉ်ကနေ သက်ဆိုင်ရာ ဖမ်းဆီးတဲ့ အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေ ရှိလာနိုင်တယ်။ ဒါကိုလည်း စနစ်တကျ ထိန်းချုပ်ဖို့ လိုတယ်။ နောက် ပြီးတော့ အဓိက,က တရားဥပဒေစိုးမိုးရေး ဇာတ်ကောင်တွေဖြစ်တဲ့ ဒီစီမံချက်နဲ့ပတ်သက်ပြီးတော့ အရေးယူဖို့ တာဝန်ရှိတဲ့ လူတွေက ပြည်သူလူထုကို ပြစ်ဒဏ်ပေးဖို့ဆိုတဲ့ သဘောထားမျိုး ထားနေမယ်ဆိုရင် အစိုးရနဲ့ပြည်သူ ကြားထဲမှာ မိတ်ဖက် ဆက်ဆံရေးဖြစ်လာဖို့ မလွယ်ဘူး။ အန်တီတို့ နိုင်ငံ ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာ အစိုးရနဲ့ ပြည်သူနဲ့က မိတ်ဖက်ဆက်ဆံရေးဖြစ်ဖို့ အရမ်းအရေးကြီးတယ်။ အန်တီကတော့ ပြစ်ဒဏ်ချပြီးတော့ အရေးယူတာမျိုးကို မလိုလားပါဘူး။ အခုထောင်ဒဏ် (တစ်လ) တောင် ချမယ်ဆိုတဲ့ အစီအစဉ်ကတော့ အစိုးရ အပေါ်မှာ ပြည်သူလူထုက အမြင်လွဲစေတယ်။ ဒါကြောင့်မို့လို့ ထောင်ဒဏ် မပါသင့်တဲ့ အစီအစဉ်ဖြစ်သင့် တယ်ပေါ့ နော် ဒီဟာက။ ဒဏ်ငွေလောက်နဲ့ပဲ ပြီးသင့်တဲ့ကိစ္စ ဖြစ်တယ်ပေါ့နော်။ အခုထောင်ဒဏ် တစ်လဆိုတဲ့ဟာကလည်း ဒါသိပ်ပြီးတော့ လက်တွေ့ မကျဘူးလေ‌။ ပြည်သူကို အမုန်းပွားစေတယ်‌။ ပြည်သူကို ပြစ်ဒဏ်ပေးလိုတဲ့ စိတ်ဆန္ဒ ကြီး ရှိသလို ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ဒီအချက်ကိုတော့ ပြန်ပြီးတော့ ထောင်ဒဏ်ဆိုတဲ့ အချက် ကို ပြန်လည် စဉ်းစားသင့်တယ်ပေါ့နော်။ ပြဋ္ဌာန်းပြီးလို့ ထုတ်ပြန်ပြီးလို့ မရုတ်သိမ်းချင်ဘူးဆိုရင်လည်းပဲ ဒီဥပဒေ အကောင်အထည်ဖော်မယ် ဆုံးဖြတ်ချက် ချမှတ်တဲ့ သူတွေအနေနဲ့က ထောင်ဒဏ်ကို လုံးဝမချမှတ်သင့်ဘူး” ဟု ပြောသည်။ 

လက်ရှိတွင် စုံ/မ ရက် သတ်မှတ်၍ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ သွားလာနေရခြင်းကြောင့် ပုဂ္ဂလိက ရုံးလုပ်ငန်းများနှင့် ကျောင်းသားမိဘများ အခက်အခဲများ တွေ့နေကြသလို ခရီးသွားမည့်သူများနှင့် စီးပွားရေးအရ နေ့စဉ် သွားလာနေရသူများ အခက်အခဲများ ကြုံတွေ့နေကြရသည်။

ထို့ကြောင့် စုံ/မ ရက် သတ်မှတ်၍ မောင်းနှင်ရန်အစား စုံ/မ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ကို ခွဲပြီး စက်သုံးဆီ ရောင်းချပေးခြင်း စနစ်ကို ပြောင်းလဲ ကျင့်သုံးခြင်းက နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်ကြောင်း ထောက်ပြ ကြသည်။