CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများ အလွန်တရာ ပေါများရခြင်း အကြောင်းတရားက ဘာကြောင့်လဲဆိုသည့်အပေါ် အဖြေရှာ၍ ဖြေရှင်းသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကနေ ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများမှ လက်နက်ကိုင် ပြသာနာများ စတင် ပေါ်ပေါက်လာကာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးနေစဉ်အတွင်းမှာပဲ လက်နက်ကိုင်အဖွဲ့အစည်းများ ပေါများလာခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/ NCA-S)မှဥက္ကဋ္ဌ ဗိုလ်မှူး ကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီ founder of the state ပေါ့ ကျနော်တို့ တိုင်းပြည်ကြီးက လွတ်လပ်တဲ့ တိုင်းပြည်ဖြစ်လာတဲ့အချိန်မှာ ကိုင် တွယ်တဲ့ ခေါင်းဆောင်တွေပေါ့ အဲဒီ ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ပေါ် မူတည်တယ်။ အဲဒီ ခေါင်းဆောင် တွေက စဉ်းစားချက်က တစ်ပြည်ထောင်စနစ်ကိုပဲ အဓိကထားကြပြီးတော့ ပြည်ထောင်စုနာမည်ပဲခံမယ်၊ ဒါပင်မယ့် ပြည်ထောင်စုစနစ် မဖြစ်အောင် စရေးတဲ့ ၁၉၄၇ ဖွဲ့စည်းပုံကစပြီး လွဲသွားတာ။ ပင်လုံစာချုပ်ကိုလည်း အခြေ မခံဘူး တန်းတူရေးလည်း မရှိဘူး။ တစ်ပြည်ထောင်စနစ်ကို ပြည်ထောင်စုဆိုတဲ့ နာမည်နဲ့ ဖုံးကွယ်ပြီးတော့ မရိုး မသား လုပ်ခဲ့တဲ့ သဘောပါတဲ့ အခါကြတော့ The founder of the country က ပြဿနာ အဲ့မှာရှိလာတာ အဲဒီက တည်းက စပြီးတော့ ကွန်မြူနစ်ပါတီ ခွဲထွက်တယ်၊ ကရင်သူပုန်ထတယ်။ လက်နက်ကိုင် တိုက်ပွဲက အခုချိန်ထိနှစ် ပေါင်း ၇၀ ကျော် ၈၀ လွတ်လပ်ရေးကာလမှာ တစ်ခါမှ ကောင်းကောင်းမွန်မွန် လွတ်လပ်ရတယ်။ ဒီမိုကရေစီ အခွင့်အရေး ပြည့်ပြည့်ဝဝ ရတယ်ဆိုတာ မရှိဘူး။ အစမကောင်းလို့ အနှောင်းမသေချာတဲ့ သဘောပါ။ စကတည်းကိုက ပင်လုံ စာချုပ်လည်း အကောင်အထည်မဖော်၊ ဖွဲ့စည်းပုံကလည်း နည်းနည်း ရိုးရိုးသားသား မဟုတ်ဘူးပေါ့လေ။ ဖွဲ့စည်း ပုံကနေ ဖြစ်ပေါ်တဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာပြီးတော့ လက်နက်ကိုင် ပြသာနာတွေက အဲ့ဒီက စတာ ပါ”ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့များ အစည်းအဝေး ကျင်းပနေစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား ဖြေရှင်းပေးရန် တောင်းဆိုနေသည့်တိုင် အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ် မတော်မှ ဖြုတ်ချခဲ့သည်။
ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ မြန်မာ့တပ်မတော်က အုပ်ချုပ်လာခဲ့ရာ လက်နက် ကိုင် အင်အားစုများမှ တော်လှန်ရေးကို ဆင်နွှဲကာ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည်။
လက်နက်ကိုင်ခြင်းအားဖြင့် အကျိုးစီးပွား ဖြစ်လာတာ သေချာသည့်အတွက် လက်နက်ကိုင် အုပ်စုများသည် မလို လားအပ်ပဲနှင့် ပိုပြီးများလာတာ တွေ့ရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် ခေါင်းဆောင်နဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
၎င်းက “အထူးသဖြင့် ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲမှာ လက်နက်ကိုင်တွေ၊ အင်အားစုတွေ များလာတယ်လေ နိုင်ငံရေးအရ အယူအဆ မတူကြတာတွေ ဒီတပ်မတော် အာဏာယူတဲ့အပေါ်မှာ မလိုလားအပ်တဲ့ သွေးထွက် သံယိုမှု ရှိခဲ့တာတွေပေါ်မှာ မူတည်ပြီးတော့ လက်နက်ကိုင်အင်အားစုတွေ များလာခဲ့တယ်ပေါ့။ နိုင်ငံရေးပြသာနာ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါမှာ ဘက်အသီးသီးက အားနည်းခဲ့ကြတယ်၊ ဒါကြောင့်မို့လို့ ပြည်သူလူထု အနေနဲ့ကလည်းပဲ အဖက်ဖက်က၊ ဘက်အသီးသီးက ကိုယ်ဘက်ကို အကျိုးစီးပွား ဖြစ်စေမဲ့ သတင်း တွေကိုပဲ တင်ကြတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လူထုရဲ့ သတင်းမှန် သိရှိမှုနှုန်းက အနိမ့်ဆုံးအဆင့်ကို ရောက် သွားတယ်ပေါ့။ သတင်းမှန်ကို ရရှိတဲ့အပိုင်းက အင်မတန် အားနည်းတဲ့ အတွက်ကြောင့်မို့လို့ အထင်အမြင် လွဲမှား မှုတွေ ပိုဖြစ်လာတယ်။ ဒါကြောင့်မို့လို့ လက်နက်ကိုင် ပဋိပက္ခတွေ များလာတယ်၊ လက်နက်ကိုင် ပဋိပက္ခပေါ်မှာ မူတည်ပြီးတော့ အကျိုးစီးပွားတွေ ဖြစ်လာတဲ့ အုပ်စုတွေလည်း အများကြီးပေါ်လာတယ်။ အဲတော့ လက်နက် ရသွားတဲ့အခါမှာ စီးပွား ဖြစ်လာတဲ့ အုပ်စုငယ်တွေ အများကြီး ဖြစ်လာတယ်။ လက်နက်ကို မစွန့်လွတ်ချင် လောက်အောင် ဖြစ်လာတယ်။ နိုင်ငံရေး ရည်ရွယ်ချက်အရ လက်နက်ကိုင်ကြတာ မှန်သော်လည်းပဲ လက်နက် ကိုင် ခြင်းအားဖြင့် အကျိုးစီးပွား ဖြစ်လာတယ်ဆိုတာ သေချာလာတဲ့ အတွက်ကြောင့်မို့လို့ လက်နက်ကိုင်အုပ်စု တွေက မလိုလားအပ်ပဲနဲ့ ပိုပိုပြီးတော့ များလာတာကို တွေ့ရတယ်”ဟု ပြောသည်။
နစကလက်ထက် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ အစိုးရဌာနဆိုင်ရာများနှင့် လက်နက် ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများ အားလုံးသည် ကိုယ်ကျိုးစီးပွားကို ပိုမိုလုပ်ဆောင်လာကြကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
ထို့ပြင် လက်နက်ကိုင် အင်အားစုများမှာ ယခင်ထက် ပိုမိုပေါများလာသည့်အပြင် ၎င်းတို့တပ်စွဲရာ ဒေသများ၌ အခွန်ကောက်ခံမှု အပါအဝင် ဒေသတွင်းရှိ သံယဇာတများ တူးဖော်ခွင့်ပြုခြင်း၊ သတ္တုတွင်းများ တူးဖော်ခြင်း၊ လက်နက် ရောင်းချခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းအပြင် အခြားသော အကျိုးစီးပွားများကိုလည်း တွင်ကျယ်စွာ လုပ်ဆောင်လာနေကြသည်။
လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် တည်ရှိနေသော လက်နက်ကိုင် အင်အားစုများ လျှော့ချရေးနှင့် ပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သော နည်းလမ်းနှင့် အဖြေကို ရှာမတွေ့သေးပေ။
