CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅

တရုတ်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းရန်အတွက် လက်နက်ကိုင်များ၏ နိုင်ငံရေး ရည်မှန်း ချက်အား အာမခံချက်ရရှိစေရန် လုပ်ပေးလာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ၎င်းကမူ ကိုးကန့် အထူးဒေသ(၁)ကို အုပ်ချုပ်ခွင့်ရသွားခဲ့သည်။

ထို့နောက် လားရှိုးမြို့ထဲသို့ ဧပြီ ၁၈ ရက်၊ ဧပြီ ၂၁ ရက်နှင့် ၂၂ ရက်နေ့များက မြန်မာ့တပ်မတော်မှ စစ်ယာဉ် တန်းများဖြင့် ပြန်လည်ဝင်ရောက်ကာ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ထူထောင်ရန် ပြင်ဆင်လျက်ရှိသည်။

တရုတ်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် တစ်ဖက်တွင်ကြိုးစားနေပြီး တစ်ဖက်တွင် လည်း လက်နက်ကိုင်များ၏ နိုင်ငံရေးအခွင့်အရေးများ ရရှိစေရန် ညှိနှိုင်းပေးခြင်း စသည့် အချက် ၂ ချက်ဖြင့် သွားနေခြင်းဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။

လားရှိုးမြို့ထဲ ပြန်ဝင်လာတဲ့ မြန်မာ့တပ်မတော်စစ်ယာဉ်တန်းကို တွေ့ရစဉ်

၎င်းက “မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို မည်သည့်နိုင်ငံမှ ဝင်ရောက်စွက်ဖက်တာကို တရုတ်က လက်မခံဘူး၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းစေချင်တယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သွားတဲ့အခါမှာ လက်ရှိ လက်နက်ကိုင်ပြဿနာ အားလုံးရဲ့ ပင်ရင်းဇစ်မြစ်ကို ဖြေရှင်းလိုပုံပေါက်တယ်၊ အဲဒါကြောင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ မြန်မာနိုင်ငံ အတွင်းမှာ သူတို့ဘက်က ထည်ထည်ဝင်ဝင် ပူးပေါင်းဆောင်ရွက်တဲ့ပုံ‌ပေါက်တယ်၊ အဲဒီတော့ မြန်မာနိုင်ငံအစိုးရနဲ့ လည်းပဲ ညှိနှိုင်းထားမှုရှိပုံရတယ်၊ အဲသလိုပဲ တရုတ်နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အကြီးကြီးတွေ နဲ့လည်း ညှိနှိုင်းထားလို့ အဆင်ပြေပုံပေါက်တယ်၊ တစ်နည်းအားဖြင့် သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို တရုတ် ဘက်က အာမခံပုံပေါက်တယ်၊ အဲသလိုပဲ မြန်မာအစိုးရဘက်က အဲဒီလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အာမခံနိုင်အောင်လည်းပဲ ညှိနှိုင်းနိုင်ခြေပေါက်တယ်၊ ဒါပေမယ့် တပြိုင်တည်းသွားနိုင်တယ်၊ လက်နက်ကိုင်ပဋိပက္ခ ဘယ်ဘက်မှာရှိရင် ညာဖက်မှာ နိုင်ငံရေး အခွင့်အရေး ရှိမှာပဲ၊ အဲဒီ ၂ ခုနဲ့ သူ့ဘက်က ညှိမှာ ပဲ၊ ဒါတရုတ်ပြည်ဖက်က သွားတဲ့လမ်းကြောင်းလို့ ထင်ပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်သည် လားရှိုးမြို့ ပြန်လည်ရရှိသည့်တိုင် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းတစ်လျှောက်ရှိ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့် မြို့များ ပြန်လည် ထိန်းချုပ်နိုင်ခြင်းမရှိသေးပါက ကုန်သွယ် ရေးစတင်ရန် မဖြစ်နိုင်သေးကြောင်း ထောက်ပြမှုများရှိနေသည်။

ထို့ကြောင့် တရုတ်အနေဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း(ပြည်ထောင်စုလမ်းမကြီး) တစ်လျှောက် တွင်ရှိသော မြို့/ရွာများ အားလုံးမှ EAO များအား ညှိနှိုင်းမှုအရ သို့မဟုတ် ဖိအားပေးမှုအရ  ဖယ်ရှားခိုင်းနိုင် ကြောင်းလည်း စစ်ရေးအကဲခတ်များက ထောက်ပြသည်။

ကုန်သွယ်ရေးကားများကိုတွေ့ရစဉ်

တရုတ်သည် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရရှိရန် ၂ ဖက်စလုံးကို ထိန်းချုပ်ထားသည့် သဘောဖြစ်ပြီး အခွင့်အရေး များကိုလည်း ပြန်လည်မျှပေးနေကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူကတော့ အေးချမ်းတာ၊ မအေးချမ်းတာမဟုတ်ဘူး။ စကားလုံး ၂ လုံးရွေးတယ် အေးချမ်းတာနဲ့ တည်ငြိမ်တာက မတူဘူး၊ အေးချမ်းတာက ကျနော်တို့ Peace လို့ခေါ်တယ် ငြိမ်းချမ်း‌ရေးပေါ့၊ သူကအဲဒါကို သိပ်ပြီးတော့ ရွေးတာမဟုတ်ဘူး၊ သူက Stability လို့ခေါ်တဲ့ တည်ငြိမ်မှုကို ရွေးတာ၊ တည်ငြိမ်မှုရဖို့က သူ့ရဲ့ အဓိက ရည်မှန်းချက်ပဲ၊ အလုပ်လုပ်နိုင်တယ် တည်ငြိမ်မှုရတယ်ဆိုရင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ သူ့ရဲ့ စီမံကိန်း တွေကို ဆက်လက် အကောင်အထည် ‌ဖော်မှာပေါ့၊ တည်ငြိမ်မှုက သူကဦးစားပေးတယ်ဗျ၊ Peace ဆိုတာထက်ကို Stability ကိုဦးစားပေးတာကြာပြီ၊ ဒါကြောင့် Stability ရှိဖို့ သူကြိုးစားနေတာ ဖြစ်ပါတယ်၊ တည်ငြိမ်မှုရအောင် အားလုံးကို ထိန်းချုပ်တဲ့သဘော၊ သူလိုချင်တဲ့ အခွင့်အ‌ရေး သူ့ကိုပေး၊ ကိုယ်လိုချင်တဲ့ အခွင့်အရေး၊ အခွင့်အရေး လည်း ပြန်မျှပေးတာပေါ့ဗျာ၊ “ဝ”တို့၊ ကိုးကန့်တို့ လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အသိအမှတ်ပြုပေးတဲ့ သဘော ဒါကတစ်ဖက်က ဒီဖက်ကလည်း လားရှိုးကို ပြန်ပေးပြီးတော့ ဂုဏ်သိက္ခာဆယ်တဲ့သဘော ကြားထဲမှာ တော့ ကုန်သွယ်ရေးလမ်းကြောင်းက အားလုံးအပိုင်ပေါ့၊ အဲဒီမှာ ကုန်သွယ်ရေးလမ်းကြောင်းကြီး ဖွင့်ပြီးတော့ အကျိုးအမြတ်ကို မျှဝေခံစားပေါ့ဗျာ၊ အဲဒီလမ်းကြောင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံကတော့ ကူမင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များအား တွန်းအားပေး ရှေ့ဆက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင် ပဋိပက္ခများချုပ်ငြိမ်းကာ ငြိမ်းချမ်းရေးရရှိဖို့ အပါအဝင် တရုတ် - မြန်မာနယ်စပ် တည်ငြိမ်ရေး အတွက်လည်း အရှိန်မြှင့်ဆောင်ရွက်မည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ကုန်ကျားကူက ပြောကြားခဲ့သည်။