CNI International News

ကိယက်ဗ်၊ မတ်လ ၂၀

ရုရှားတပ်ဖွဲ့များအပေါ် အသာစီးရရှိရန်အတွက် မောင်းသူမဲ့စနစ်များ သို့မဟုတ် ဒရုန်းများ ထုတ်လုပ်ခြင်းသည် အဓိကကျကြောင်း ယူကရိန်း၏ စစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီး (Oleksandr Syrskyi)က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

"မောင်းသူမဲ့ စနစ်တွေ ထုတ်လုပ်ဖို့နဲ့ အသုံးပြုဖို့ဟာ ကျနော့်ရဲ့ ဦးစားပေးကိစ္စ ဖြစ်ပါတယ်" ဟု ဆိုစကီးက ၎င်း၏ လက်ထောက် ဗာဒင် ဆူခါရက်ဗ်စကီး (Vadym Sukharevskyi)နှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် Telegram တွင် ရေးသားဖော်ပြခဲ့သည်။

"ကျနော်တို့ဟာ ရန်သူတွေအပေါ် အရေအတွက်အားဖြင့်ရော အရည်အချင်းအားဖြင့်ပါ အသာစီးရနိုင်စေဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာဖွေနေပါတယ်" ဟု ၎င်းက ပြောသည်။

ရုရှားနှင့် ယူကရိန်းသည် တစ်ဖက်နှစ်တစ်ဖက် ဒရုန်းများကို အသုံးပြု တိုက်ခိုက်မှုများအား မြှင့်တင်လာခဲ့ပြီး စစ်မြေပြင်တွင် တစ်ဖက်ရန်သူ၏ စစ်တပ်၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများကို ဒရုန်းများဖြင့် ပစ်မှတ်ထားလာခဲ့သည်။

 ယူကရိန်း၏ စစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီးကို တွေ့ရစဉ်

လက်ရှိတွင် ယူကရိန်းစစ်တပ်သည် မြေပြင်တွင် တပ်ဖွဲ့ဝင်အင်အား နည်းပါးနေပြီး စစ်မျက်နှာပြင်အားလုံး နီးပါး၌  ရုရှားတပ်ဖွဲ့များ၏ ဖိအားပေး တိုက်ခိုက်မှုများကို ခံနေရသည်။

မတ်လ ၁၇ ရက်က ရုရှားသမ္မတ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့သည့် ပူတင် (Vladimir Putin) က ရုရှား တပ်ဖွဲ့များသည် ယူကရိန်းစစ်မြေပြင်၌ အသာစီးရနေပြီး စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskiy) က ဖေဖော်ဝါရီလတွင် ၎င်း၏ စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် အမိန့်ပေးခဲ့ပြီး ယူကရိန်းစစ်တပ်တွင် ဒရုန်းများအား ထုတ်လုပ်သည့် တပ်ခွဲသစ်တစ်ခု ဖွဲ့စည်းတည်ထောင်ရန် ညွှန်ကြားခဲ့သည်။

ထိုဒရုန်းများ ထုတ်လုပ်ရေးနှင့် စစ်ဆင်ရေးများအတွက် လက်ထောက် စစ်ဦးစီးချုပ်ဖြစ်သည့် ဆူခါရက်ဗ်စကီးအား ဦးဆောင်ရန် အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

Source: ရိုက်တာ