CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့၏ မဟာမိတ်စုဖွဲ့မှုမှာ မည်ကဲ့သို့ ဦးတည်နေသလဲဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေး အကဲခတ်များအကြား သုံးသပ်မှုများ ရှိနေသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် အပစ်ရပ် ၇ ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးအပြီး 7 EAO Alliance ဆိုပြီး ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

မိမိတို့ မဟာမိတ်အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးများ ဆွေးနွေးရန် အဓိကဖြစ်ကြောင်း၊ လုံခြုံရေး များကို စုပေါင်းလုပ်မည့် သဘောရှိသော်လည်း စစ်ရေးပူးတွဲသည့် သဘောမဟုတ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကတော့ နိုင်ငံရေးပါပဲ။ ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးဖို့ အဓိကပါပဲ။ စစ်ရေးကြတော့ ဦးစားပေး မပါပါဘူး။ ဒါပေမဲ့ လုံခြုံရေးအတွက်တော့ စုပေါင်းလုပ်ကြမယ်ဆိုတဲ့ သဘောလေးတော့ ရှိတာပေါ့ဗျာ၊ စစ်ရေး ပူးတွဲတဲ့ သဘောတော့ မဟုတ်ပါဘူး။ အဓိကကတော့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွေ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်လာအောင် မူလ NCA လမ်းကြောင်း ကျနော်တို့ PPST က လုပ်ခဲ့တဲ့ လမ်းကြောင်း အတိုင်းပဲ ဆက်လုပ်မှာပါ” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကိုတွေ့ရစဉ်

အဆိုပါ မဟာမိတ် ၇ ဖွဲ့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော PNLO မှာ အပြည့်အဝ ပါဝင်ခြင်း မရှိသေးဘဲ ဆက်စပ်အဖွဲ့အဖြစ်သာ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ထို့အတူ မဟာမိတ် ၇ ဖွဲ့က ထိန်းချုပ်နယ်မြေ အသီးသီးတွင် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ရေးစနစ်ဖြင့် စတင် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားထားသည်။

အဆိုပါ ဖွဲ့စည်းလုပ်ဆောင်မှုမှာ အချိန်နှောင်းသွားပြီဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဟာကတော့ ကျနော်သုံးသပ်ကြည့် သလောက်ဆိုတော့ အတော်လေးတော့ နောက်ကျသွားတယ် အဲဒီအခြေအနေမျိုးတော့၊ တကယ်တော့ ၂၀၂၁ ပေါ့၊ တကယ်လို့များ လုပ်ချင်တယ်ဆိုရင် ၂၀၂၁ နှစ်ဦးပိုင်းမှာ အာဏာသိမ်းတဲ့နောက်ပိုင်းမှာ သူ့လက်ထဲမှာ လုပ်နိုင်တဲ့ဟာမျိုးဆိုတော့ ဘာပဲဖြစ်ဖြစ် ဖက်ဒရယ်ကို သူတစ်ခါ တည်း လုပ်မယ်ဆိုတဲ့ စောက်ချပြီးမှ လုပ်သွားရင်တော့ ဒီလိုမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အခုဟာတော့ ကျနော်ထင်တာတော့ လုပ်ရင်လည်း လုပ်တာပဲ ဖြစ်ပါလိမ့်မယ်၊ သိပ်တော့ မလွယ်တော့ဘူးလို့ ကျနော်တော့ ဒီလိုပဲမြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ PDF တွေ အခိုင်အခန့်တွေ ရှိနေတယ်ဆိုတော့ PDF တွေက လက်ခံ၊ အခု စကစတွေ လုပ်နေတဲ့ဟာကို PDF နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ခံဦးမှ၊ ဆိုတော့ ရေရှည်မှာ သွားလို့ လွယ်ပါ့မလားဆိုတာ ကျနော် မခန့်မှန်းတတ်အောင် ဖြစ်နေတယ်၊ ဒါပေမဲ့ အချိန် တော့ အတော်လေးတော့ နောင်းသွားပြီလို့ ကျနော်တော့ ဒီလိုပဲ သုံးသပ်မိပါတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၈ ရက်ထိ NCA-S EAO 7 ဖွဲ့ မျက်နှာစုံညီ အစည်းအဝေး လုပ်နေစဉ်

တချို့သော လက်နက်ကိုင်အဖွဲ့အစည်းများက နယ်မြေစိုးမိုးမှုများ ရယူကာ အုပ်ချုပ်ရေးများ စတင်နေချိန်တွင် မိမိတို့ အပစ်ရပ်အဖွဲ့အစည်း အနေဖြင့်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား အခြေခံသော အုပ်ချုပ်မှုစနစ်ကို စတင်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းက “မြို့သိမ်း၊ စခန်းသိမ်းလုပ်တဲ့ လူတွေလည်း နယ်မြေအုပ်ချုပ်ရေးတွေ စနေတော့ ကျနော်တို့ NCA ထိုးထား တဲ့ အဖွဲ့တွေလည်း ကိုယ့်ရဲ့ ထိန်းချုပ်နယ်မြေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဒေသန္တသရ အုပ်ချုပ်ရေးစနစ် လေးတွေ ကိုယ့်ဟာကိုယ် ဖော်ထုတ်နေကြတာတော့ ရှိတာပေါ့၊ ဒါမူအားဖြင့် ပြောတာပါ၊ လက်တွေ့ ဖော်ရင်တော့ နယ်နိမိတ်သတ်မှတ်တာတို့ ပုံစံချမှတ်တာတို့လည်း နည်းနည်း ညှိနှိုင်းဖို့ လိုလာလိမ့်မယ်ပေါ့ဗျာ၊ တချို့ကြတော့ နယ်မြေတွေက overlap ဖြစ်နေကြတယ်လေ။ overlap ဖြစ်နေတဲ့ နေရာတွေမှာတော့ တစ်ပုံစံထဲ ချလို့တော့ မရဘူးပေါ့။ တိုင်တိုင်ပင်ပင်တော့ လုပ်ရမယ့် သဘောရှိပါတယ်။ မူအားဖြင့်တော့ မှန်ပါတယ်။ ဒါပေမဲ့ လက်တွေ့ လုပ်ရင်တော့ ပြင်ဆင်မှု ထပ်လိုဦးမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့အစည်းကို အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်းတို့က တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။