CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၇

ငြိမ်းချမ်းရေး လုပ်နေသူများအနေဖြင့် ကိုယ်ကိုယ်တိုင်က မငြိမ်းချမ်းပါဘဲနှင့် ငြိမ်းချမ်းရေးကို လုပ်၍ မရနိုင်ဘူး ဟု NCA-S EAO(၇)ဖွဲ့၏ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေး သဘာပတီ စဝ်ခွန်းဆိုင်က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့၏ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေးကို မေလ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေသည်။

စဝ်ခွန်းဆိုင်က “ကျနော်တို့ လိုရာပန်းတိုင်ကို ရောက်ဖို့ တစိုက်မတ်မတ် ချီတက်သွားရမှာဖြစ်ပါတယ်။ ဒီလို ချီတက်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ရှိလည်း ရှိခဲ့တယ်၊ ရှိလည်း ရှိနေဆဲ၊ ထပ်ပြီးတော့ လည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ အလုပ်က ကိုယ့်အဖွဲ့၊ ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့ နယ်မြေအတွက် မဟုတ်ဘူး။ ကျနော်တို့အလုပ်က ပြည်ထောင်စုအကျိုးအတွက်၊ ပြည်သူတစ်ရပ်လုံးနဲ့ ပြည်ထောင်စုအကျိုးအတွက် လုပ်ဖို့ဖြစ်တယ်။ ကျနော်တို့ လုပ်တဲ့အလုပ်က လက်ရှိနိုင်ငံရေး အကျပ်အတည်း ကို ကျော်လွှားနိုင်ရေးနှင့် ငြိမ်းချမ်းရေး ရရှိဖို့ကိစ္စများ ဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေး ရရှိဖို့လုပ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေး လုပ်နေတဲ့ သူတွေအတွက် အလိုအပ်ဆုံးက ဘာလဲဆိုတော့ ကိုယ်ကိုယ်တိုင်က ငြိမ်းချမ်းဖို့၊ ကိုယ် ကိုယ်တိုင်က မငြိမ်းချမ်းပါဘဲနဲ့ ငြိမ်းချမ်းရေးကို လုပ်တယ်ဆိုရင် ဒါဟာမဖြစ်နိုင်တဲ့ အလုပ်ပဲဆိုတာကို သိထား ကြရမှာ ဖြစ်တယ်”ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အရပ်သား အစိုးရကို ဖြုတ်ချလိုက်ပြီးနောက်မှာ NCA-S EAO များသည် အလုပ်ရုံ ဆွေးနွေးပွဲများ အကြိမ်ကြိမ်လုပ်ကာ ရှေ့ဆက်လုပ်ဆောင်ရမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က NCA-S EAO ၇ ဖွဲ့အစည်းအဝေး ကျင်းပနေစဉ်

စဝ်ခွန်းဆိုင်က “ NCA ရဲ့ လုပ်ငန်းစဉ်တွေကို NCA မူဘောင်အတိုင်း ဆက်လက် အကောင်အထည်ဖော်လို့ မရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ပေါ်လစီတွေ ချမှတ်ဖို့နဲ့ လုပ်ငန်းစဉ် များ ဖော်ဆောင်နိုင်ရန် အစည်းအဝေးများ ကျင်းပနိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပါတနာ(Dialogue Partner) တွေက ပြည့်ပြည့်စုံစုံ မရှိတော့ပါဘူး၊ အဲဒီတော့ ကျနော်တို့ လုပ်နိုင်တာ ဘာရှိမလဲ၊ ကျနော်တို့ လုပ်နိုင်တာက NCA ထဲမှာပါတဲ့ ကျနော်တို့အားလုံး ဝိုင်းပြီးတော့မှ လက်မှတ်ထိုးထားတဲ့ အခြေခံမူ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ အခြေခံမူထဲမှာ အခြေခံအကျဆုံးဖြစ်သည့် နံပါတ်တစ် နိုင်ငံရေးပြဿနာကို အင်အားနှင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်း၊ ငြိမ်းချမ်းသည့်နည်းနှင့်ဖြေရှင်းရန်၊ နံပါတ်နှစ် မိမိတို့အားလုံး သက်ဆိုင်ရာ Stakeholders များ ပါဝင်ဖို့ အဓိပ္ပာယ်ပြည့်ဝသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲဖြစ်ရန်၊ နံပါတ်သုံး အရပ်သား ကာကွယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီရနိုင်ရေး တို့ဖြစ်သည်ဟု ၎င်းက ပြောသည်။

NCA ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအ ကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ လက်မှတ်ရေးထိုးထားသည်။

အဆိုပါ NCA ထိုးအဖွဲ့များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)တွင် ပါဝင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲကြောင့် KNU၊ CNF က နှုတ်ထွက်သွားသလို RCSS၊ ABSDF၊ NMSP တင်းပြည့်မပါဝင်ဘဲ တွဲဖက်အနေဖြင့်သာ ပါဝင်တော့သည်။

သို့သော်လည်း မေလ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသည့် အစည်းအဝေးမှာတော့ RCSS၊ ABSDF၊ ALP၊ KNU/KNLA-PC၊ PNLO၊ ALP၊ LDU တို့ တက်ရောက်သည်ကို တွေ့ရသည်။