CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉

လာမည့် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် 7 EAO Alliance အဖွဲ့၏ ဦးဆောင်အဖွဲ့အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အနှစ်သာရ ၃ ချက်ဖြစ်သော နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက် ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးတို့ကို ကိုင်စွဲ၍ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က “လက်ရှိ နိုင်ငံရေးဆွေးနွေးမှု ဘောင်ကျဉ်းနေတဲ့ ကာလမှာကတော့ ခုနက ပြောနေ တဲ့ NCA အနှစ်သာရ ၃ ချက်ကို ကိုင်စွဲပြီးတော့ လုပ်နေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကလည်း အားရစရာတော့ မရှိပါ ဘူး။ သို့သော်လည်းပဲ ကိုယ့်ရဲ့ 7 EAO Alliance ထဲမှာကတော့ ခုနက ပြောတဲ့ အဖွဲ့အစည်းတွေကို လုပ်ငန်း ကော်မတီ အစည်းအဝေးတွေကို မိမိတို့ ဦးဆောင်မှုကော်မတီ အစည်းအဝေးတွေကို လုပ်နေတာရှိသလို အလျဉ်း သင့်ရင် သင့်သလိုပေါ့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်တယ်၊ ပြီးတော့ နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်တာ တော့ ရှိတယ်။ အဲဒါတော့ ပုံသေမရှိဘူးပေါ့လေ၊ နှစ်ဖက်ညှိနှိုင်းမှု အခြေအနေကို ပြောပြတာ ဖြစ်ပါတယ်။ အကြမ်း ဖျင်းပေါ့လေ၊ လာမယ့် ၁၀၊ ၁၁ ရက်နေ့ကြရင်လည်းပဲ ဒုတိယအကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို လည်းပဲ ကျင်းပဖို့ လုပ်ဖို့ ဆိုတာကိုလည်းပဲ ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်ဆိုတာကို ပြောပြခြင်းဖြစ်ပါ တယ်” ဟု ပြောသည်။

 NSPNC နဲ့ အပစ်ရပ်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးနေစဉ်

အပစ်ရပ် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့က ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် 7 EAO Alliance ကို ဖွဲ့စည်းခဲ့ပြီး နစက၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး လျက်ရှိနေသည်။

မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းက အကောင်းဆုံးဟု ယုံကြည်ထား ကြောင်း၊ ထိုနည်းလမ်းအတိုင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာန သို့ ပြောသည်။

NSPNC ၊ အပစ်ရပ်အဖွဲ့များနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးနေစဉ်

၎င်းက “ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ကိုယ့်နည်းလမ်းကတော့ အကောင်းဆုံးလို့ပဲ ပြောရမှာပေါ့နော်၊ ကိုယ့်နည်းလမ်းကတော့ ကိုယ်ယုံကြည်တဲ့ ကိုယ့်နည်းလမ်း ကိုယ်သွားနေတဲ့ နည်းလမ်းကတော့ ဒါကတော့ အကောင်းဆုံးလို့ ပြောရမှာပေါ့။ အကောင်းဆုံး ဆိုတာကလည်းပဲ တစ်ယောက်နဲ့ တစ်ယောက်နဲ့တော့ တူနိုင်မှာ မဟုတ်ဘူးလေ။ အမျိုးမျိုး ရှိကြမှာပဲလေ၊ အချိုကြိုက်တဲ့သူက အချိုက ကောင်းတယ်လို့ ပြောသလို အခါးကြိုက် တဲ့သူက အခါးကောင်းတယ်လို့ ပြောချင်လည်း ပြောကြမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ 7 EAO Alliance အနေနဲ့လည်းပဲ ကျနော်တို့ နည်းလမ်းရှိပါတယ်။ အခုမှ မဟုတ်ပါဘူး ဟိုပြီးခဲ့တဲ့ စစ်အာဏာသိမ်းပြီး ၂၀၂၂ ကတည်းကိုက PPST အဖြစ် အဲဒီကတည်းက  ကျနော်တို့ရဲ့ နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ဆိုတာ ရှိပါတယ်” ဟု ပြောသည်။

7 EAO Alliance အဖွဲ့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ဖြင့် ဖွဲ့စည်းထားသည်။