CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်စရာ အကြောင်းမရှိဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

NCA စာချုပ်ပါ အချက်အလက်များကို မလိုက်နာသည့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း၊ NCA အရ တည် ဆောက်ထားသည့် ဆက်ဆံရေးရုံးများမှာလည်း လည်ပတ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဘာမှ အထူးပြောဖို့ မလိုပါဘူး။ တစ်ဦးတစ်ယောက်ပြောလို့ NCA ပျက်မယ့်သဘော မဟုတ်ပါဘူး။ ဒီ NCA ပျက်ပြယ်ပြီပြောတာက စစ်ကောင်စီဥက္ကဋ္ဌက NCA ကို မလိုက်နာတဲ့ အဖွဲ့တွေရှိတယ်လို့ ပြောတာကို တုံ့ပြန်တဲ့အနေနဲ့ ပြောတာ ဖြစ်ပါတယ်။ စကားရည်လုပွဲလိုပေါ့ဗျာ၊ သူနိုင်ကိုယ်နိုင် ပြောတော့ NCA ပျက်ပြယ်ပြီပြောမှ လိုက်နာဖို့ မလိုဘူးပြောတာ ဆွဲသွားတာပေါ့။ လက်တွေ့မှာတော့ ပျက်ပြယ်ဖို့ အကြောင်းမရှိပါ ဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ပျက်ပြယ်ပြီ၊ NCA မှာ မပါတော့ဘူးဆိုရင် ကျနော်တို့ ဘားအံတို့၊ မြဝတီတို့၊ ထားဝယ်တို့မှာထားတဲ့ Liaison Office လို့ ခေါ်တာပေါ့ ဆက်ဆံရေးရုံးတွေက ရုပ်သိမ်းရမှာ အခုက အားလုံး အလုပ်လုပ်နေကြတာပဲ။ အဲဒါဆိုတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာခေါ်လဲ နည်းပရိယာယ်အရ နိုင်ငံရေး Debate မှာ စကားရည်လုပွဲမှာ နည်းနည်းပါးပါး ထူးထူးပြောလိုက်တဲ့ သဘောပါ၊ လက်တွေ့မှာတော့ ပျက်စရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။

 ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ထိုးခဲ့သော PNLO-RCSS-KNU- KNU/KNLA-PC ခေါင်းဆောင်များကိုတွေ့ရစဉ်

ဩဂုတ် ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်အပြီး ရက် ၁၀၀ ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA  ပျက်ပြယ်သွားပြီဟု ပြောကြားခဲ့သည်။

NCA စာချုပ်ကို KNU၊ PNLO၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA- ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တွင် KNU၊ RCSS၊ CNF၊ ABSDF၊ NMSP တို့သည် အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်ခဲ့ကြသလို အပြည့်အဝ ပူးပေါင်း ပါဝင်မှုအဆင့်ကိုလည်း လျှော့ချ ထားသည်။

NCA စာချုပ်အရ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိနေကြောင်း သို့သော်လည်း နိုင်ငံရေးအပိုင်းတွင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA  စာချုပ် လက်မှတ်ထိုးခြင်း အခမ်းအနားကျင်းပနေစဉ်

၎င်းက “NCA မှာက အခန်း ၇ ခန်းပါတယ်၊ နိဒါန်းအပါပေါ့ဗျာ၊ ပြဋ္ဌာန်းချက်ပေါင်းအားလုံး ၃၃ ချက်ရှိတယ်ဗျ၊ အဲဒီပြဋ္ဌာန်းချက် တချို့ကို ဥပမာ KNU ခေါင်းဆောင် ပြောသလိုပေါ့ အခြေခံမူတချို့ကို ဖောက်တဲ့ အဖွဲ့အစည်း တွေ ရှိပါတယ်၊ တပ်မတော် ဖောက်တယ်ဆိုတာလည်း တချို့ရှိပါတယ်။ NCA ထိုးပြီးတော့ ပြန်ဖောက်တဲ့ အဖွဲ့ တွေလည်း ရှိပါတယ်။ သို့သော် တချို့ လောလောဆယ်ဆယ်မှာ Engagement (ထိတွေ့ဆက်ဆံမှု) လုပ်လို့ရနေ တဲ့ ပြဋ္ဌာန်းချက်တွေလည်း ရှိပါတယ်။ ဥပမာ အရပ်သားများကို အကာအကွယ် ပေးရမယ်ဆိုတာတို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်လို့ရတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်၊ အဲဒီပြဋ္ဌာန်းချက်တွေကတော့ NCA ကို လိုက်နာမယ်ဆိုရင် အဲဒီပြဋ္ဌာန်းချက်နဲ့ အလုပ်လုပ်လို့ ရနေပါ သေးတယ်၊ ကျနော်တို့ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ ၃ ဖွဲ့ကတော့ လက်နက်ကိုင်တိုက်တယ်၊ ကျန်တဲ့ ၇ ဖွဲ့ကတော့ NCA အတိုင်းပဲ ပစ်ခတ်ရပ်စဲရေးကို ထိန်းသိမ်းပြီးတော့ NCA က ပြဋ္ဌာန်းချက်အရပေါ့ဗျာ၊ လူသားချင်းဆိုင်ရာ အကူအညီတွေကို ကျနော်တို့ နယ်မြေထဲမှာ ရှိတဲ့ လူတွေကို ရှာဖွေပေးပြီးတော့ နိုင်ငံတကာနဲ့ လုပ်နေတာလည်း ရှိပါတယ်။ ဒါကြောင့် လုပ်လို့ရတဲ့ အပိုင်းလည်း ရှိပါတယ်။ သို့သော် နိုင်ငံရေးအပိုင်းမှာတော့ နည်းနည်းခက်တယ်၊ လက်တွေ့ ပြည်သူလူထုကို အကူအညီပေးတဲ့ အပိုင်းမှာတော့ လုပ်လို့ရတာလေးတွေ ရှိပါတယ်။ အဲဒီ လုပ်လို့ရ တာကိုလည်း ကျနော်တို့ တနိုင်တစ်ပိုင် လုပ်နေကြတာလည်း ရှိပါတယ်။ ဒါကြောင့် ပျက်ပြယ်သွားတယ်ဆိုတာ တော့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် KNU၊ CNF၊ ABSDF တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။