CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၂၀

ပါကစ္စတန်သည် တာရစ်ခ် အီး လက်ဘစ်ခ် ပါကစ္စတန် (TLP) ကဲ့သို့ အစွန်းရောက်အဖွဲ့များကို လူသိရှင်ကြား ထောက်ပံ့ပေးနေသည်ဟု Al Arabiya Post မှ ဖော်ပြခဲ့သည်။

ဆွန်နီ အစ္စလာမ်အဖွဲ့ဖြစ်သည့် TLP သည် လူနည်းစုများ ကိုးကွယ်သည့် ဘာသာရေးနေရာများကို ဖျက်ဆီးခြင်း၊ လူနည်းစုများကို သတ်ဖြတ်ခြင်း၊ မှားယွင်းသည့် ဘာသာရေး အသရေဖျက်မှု စွဲချက်များကို ထွက်ဆိုခြင်းနှင့် တရားရုံးချုပ်၏ တရားသူကြီးချုပ်ကိုပင် တိုက်ရိုက်ခြိမ်းခြောက်မှုတို့ ရှိခဲ့သည့်တိုင် ပါကစ္စတန်က ထိုကဲ့သို့ အစွန်းရောက်အဖွဲ့များကို ထောက်ပံ့ပေးနေသည်ဟု ဆိုသည်။

TLP နှင့် အလားတူ အစွန်းရောက်အဖွဲ့များသည် လူနည်းစုများ အထူးသဖြင့် ဟိန္ဒူများကို နည်းလမ်းပေါင်းစုံဖြင့် အနှောင့်အယှက် ပေးနေကြသည်ဟု ဆိုသည်။

ပါကစ္စတန်သည် တာရစ်ခ် အီး လက်ဘစ်ခ် ပါကစ္စတန် (TLP)ကို တွေ့ရစဉ်

ဟိန္ဒူမိန်းကလေးများနှင့် အမျိုးသမီးများသည် ကြုံရာကျပန်း ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် မွတ်ဆလင် အမျိုးသားများနှင့် လက်မထပ်မီ အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် အတင်းအကျပ် ဖိအားပေး ခံရခြင်းတို့ ရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီ  ၈ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အကြား ဟိန္ဒူမိန်းကလေး ၂၀ ခန့်သည် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံ ခဲ့ရသည်။

အဆိုပါ မိန်းကလေး ၂၀ ဦးအနက် ၁၂ ဦးသည် ၎င်းတို့ကို ပြန်ပေးဆွဲသွားသူများနှင့် အတင်းအကျပ် လက်ထပ်ရမှု၊ အဓမ္မ ပြုကျင့်ခံရမှု ၄ မှု နှင့် လိင်ပိုင်းဆိုင်ရာ ပွတ်သတ်စော်ကားမှု နှစ်မှု တို့ရှိခဲ့ကာ ပြန်ပေးသမားများနှင့် လက်ထပ်ရန် ငြင်းဆိုသူ မိန်းကလေး ၂ ဦးအနက် ၁ ဦးမှာ ပျောက်ဆုံးနေသလို နောက် ၁ ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းမှုတို့ ရှိခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ 

တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဝေဖန်သည့် ဂျာနယ်လစ်များကို လျင်မြန်စွာ အပြစ်ပေးလေ့ရှိသည့် ပါကစ္စတန်သည် Ahmadis ဘာသာရေးလှုပ်ရှားမှုကို မျက်နှာသာပေးသည့် စီရင်ချက်ကို ချမှတ်ခဲ့သော တရားရုံး ချုပ် တရားသူကြီးတစ်ဦးအား ဆန့်ကျင်သည့် TLP အဖွဲ့ဦးဆောင်သော ဆန္ဒပြမှုများကို လျစ်လျူရှုခဲ့သည်။ 

ပါကစ္စတန်ကို ဆန့်ကျင်နေသည့် အမျိုးသမီးများကို တွေ့ရစဉ်

TLP ဦးဆောင်သည့် ဆန္ဒပြသူများက ထိုတရားသူကြီးချုပ်ကို အစ္စလာမ်ဘာသာ၏ ရန်သူဟု ခေါ်ဆိုခဲ့ပြီး ပန်ဂျပ် ပြည်နယ်အတွင်းရှိ ဗလီ ၅၀ ကျော်တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

အချို့ဆန္ဒပြသူများက တရားသူကြီးချုပ်ကိုပင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ 

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဘာလိုချီစတန် (Balochistan) ပြည်နယ်၊ ကာလတ် (Kalat) မြို့တွင် ဟိန္ဒူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို မော်တော်ဆိုင်ကယ်စီးလာသည့်  အမည်မသိ လက်နက်ကိုင်များက ပစ်ခတ်ခဲ့ သဖြင့် ထိုစီးပွားရေး လုပ်ငန်းရှင်သည် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ နောက်ဆုံး သီတင်းပတ်ကလည်း ခရစ်ယာန်ဘာသာဝင် သုံးဘီးမောင်းသူတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ထိုတိုက်ခိုက်မှုများကို TLP အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

Source: Al Arabiya Post