CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အနှစ်သာရကို ဆွဲကိုင်ထားဆဲဖြစ် ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ယနေ့ (ဩဂုတ် ၂၁ ရက်)တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

NCA သည် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှတဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဖြစ်သော်လည်း အလျှော့အတင်း မလုပ်နိုင်သဖြင့် NCA အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ရှေ့မတိုးနိုင်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင်လည်း NCA မှာ ပျက်ပြယ်သွားပြီဟု ပြော၍မရသေးကြောင်း RCSS မှ ဒုဗိုလ်မှူးကြီးအုမ်ခေးက CNI သတင်းဌာနသို့ ပြောသည်။

RCSS ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ဒုဗိုလ်မှူးကြီးအုမ်ခေးက “NCA ရှေ့မတိုးနိုင်ဘူးဆိုတဲ့ဟာက အဖက်ဖက်မှာ အဖွဲ့အစည်းအားလုံးနဲ့ ခြုံပြီး ကြည့်ရင် အဲဒီလို အဓိပ္ပာယ် သက်ရောက်တယ်ဆိုတဲ့ သဘောပေါ့နော်၊ NCA ပျက်ပြယ်သွားပြီးလို့တော့ အဲဒီလောက်တော့ လည်း မဟုတ်သေးပါဘူးလို့ ကျနော်တို့ မြင်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ မြန်မာ့တပ်မတော်က အာဏာရယူလိုက်ခြင်းကြောင့် NCA မှာ ပျက်ပြယ်သွားပြီဟု ကရင်အမျိုးသား အစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ဩဂုတ် ၁၀ ရက်နေ့က ပြောထားခဲ့သည်။

NCA ပျက်ခြင်း/ မပျက်ခြင်းမှာ NCA အပေါ် ရှု့မြင်သူကိုယ်တိုင်၏ သုံးသပ်ချက်နှင့် သက်ဆိုင်‌ကြောင်း အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

 NCA ထိုး လက်နက်ကိုင် ၇ ဖွဲ့နဲ့ NSPNC တွေ့ဆုံဆွေးနွေးစဉ် 

 ဗိုလ်မှူးကြီးစောကျော်ညွန့်က “NCA က ကျနော်တို့ ၂၀၁၅ မှာ လက်မှတ်ရေးထိုးတယ်။ အောက်တိုဘာလမှာ လက်မှတ်ရေးထိုးတယ်။ ၂၀၁၅ ဒီဇင်ဘာ ၈ ရက်နေ့မှာ လွှတ်တော်မှာ တင်ပြီးတော့ ကန့်ကွက်သူမရှိ အတည်ပြု ထားတဲ့ သဘောတူစာချုပ်တစ်ခု ဖြစ်တယ်၊ ဒါက NCA ရဲ့ တရားဝင်ခြင်း၊ အတည်ဖြစ်ခြင်းရဲ့ အပိုင်းကိုပဲ ကျနော် တို့က ဖြတ်သန်းမှုအရပေါ့လေ၊ နားလည်းမှုအရ ကျနော်ပြန်ပြီးမှ ပြောပြခြင်းဖြစ်တယ်၊ NCA က ဘယ်လို အခြေ အနေမျိုးမှာ ဘယ်လိုအကြောင်းပြချက်နဲ့ ပျက်ပြယ်နိုင်သလဲဆိုတာကတော့ ကျနော်ကိုယ်တိုင်လည်း အတိအကျ လည်း မပြောတတ်တဲ့အချိန်မှာလေ ခုနက ဒီလိုမျိုးပေါ့ ပုံမှန်အနေအထား မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုအောက်မှာ NCA ပျက်ခြင်း/မပျက်ခြင်း၊ ရှိခြင်း/မရှိခြင်းဆိုတဲ့ ကွဲပြားတဲ့အမြင်တွေ ရှု့ထောင့်တွေ အမျိုးမျိုး ရှိနေတဲ့ အပေါ်မှာပေါ့လေ၊ ဒီအပေါ်မှာကတော့ ကျနော်အနေနဲ့ NCA ရဲ့ ရှု့မြင်သူကိုယ်တိုင်ရဲ့ သုံးသပ်ချက်လို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု ပြောသည်။

NCA စာချုပ်ကို RCSS၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊  ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA/PC)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးထားသည်။

လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် KNU၊ CNF၊ ABSDF တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။