CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသည် OWIC ကတ်နှင့်ပတ်သက်ပြီး ထုတ်ပြန်မှုသည် မြန်မာရွှေ့ပြောင်း လုပ်သားများအကြား မရှင်းမလင်း ဖြစ်နေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူများက CNI သတင်းဌာနသို့ ပြောသည်။

သံရုံး၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်း ၄ နှစ်ပြည့်သူများနှင့် PJ နိုင်ငံကူးလက်မှတ်စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက် တမ်းတိုး ဆောင်ရွက်ရာတွင် OWIC ကတ် တန်ဖိုး ဘတ်၂၅၀ အား ဩဂုတ် ၁၈ ရက်နေ့မှစ၍ ကောက်ခံခြင်း မပြုတော့ကြောင်း ဖြစ်သည်။ 

ထိုသို့ ထုတ်ပြန်ခြင်းသည် OWIC ကတ် အား သံရုံးမှ မလုပ်ပေးတော့ခြင်း (သို့မဟုတ်) အခမဲ့ လုပ်ပေးမည်ဟု ဆိုလိုခြင်း စသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများအကြား မရှင်းမလင်းဖြစ်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ OWIC ကတ် ရှေ့မျက်နှာစာမြင်ကွင်း

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “သူတို့ရဲ့ လုပ်ရပ်က သံရုံးက တစ်စုံတစ်ရာ စာထုတ်လာတိုင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဘန်ကောက်သံရုံး ဖြစ်ဖြစ် ချင်းမိုင်က စစ်သံရုံး ဖြစ်ဖြစ် သူတို့ စာထုတ်လိုက်တိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အကျိုးရှိစေမယ့်ဟာတွေ တစ်ခုမှမတွေ့ရဘူး။ မြေပြင်ပေါ်မှာဖြစ်နေတဲ့ ပြဿနာကို အချိန်နဲ့တပြေးညီ ဖြေရှင်းပေးရမယ့်အစား ပြီးသွားမှ ကောင်းသွားမှ ဆေးလာတိုက်သလိုပေါ့ မြန်မာတွေဟာ သူတို့နိုင်ငံထဲကို အလုံး အရင်းအလိုက် ပြန်တဲ့အချိန်၊ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွေအပေါ်မှာ အခြားနယ်စပ်တွေအပေါ်မှာ OWIC ကတ်ဖိုး ဂယက်ရိုက်နေတာ တစ်ယောက်ကို လူပွဲစားနဲ့ ၂၅၀၀၊ ၃၀၀၀ ပေးပြီး လုပ်နေရတဲ့ ကာလမှာ ဒီလိုမျိုး စာမထုတ်ဘဲနဲ့ အခုမှ ဒီစာတွေ ကို ထုတ်လာတယ်ဆိုကတည်းက မြန်မာပြည်သားတွေအတွက် ရင်ခုန်စရာတော့ မရှိဘူး။ ကျနော်လက်ရှိ မြေပြင် မှာတွေ့နေရတာ OWIC ကတ်က ကျနော်တို့ အရင်တုန်းကလည်း ပြောခဲ့တာပဲ ထိုင်းနိုင်ငံထဲမှာ ဘာမှအကျုံးမဝင် ဘူး” ဟု ပြောသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ပေးရာတွင် OWIC ကတ်ဖိုး မ ကောက်ခံတော့သော်လည်း အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ပြည်ပသို့ ပြန်လည် ထွက်ခွာသည့်အချိန်တွင် OWIC ကတ်အား သက်ဆိုင်ရာ အလုပ်သမားရုံးများ၌ လျှောက်ထားရမည်ဖြစ်ကြောင်း ပါရှိသည်။

၎င်းအချက်အား ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်းပြည့်မည့် မြန်မာနိုင်ငံသားများသည် မဖြစ်မနေ ယခင် U-Turn အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်၍ သက်တမ်းတိုးရမည်ဟု အဓိပ္ပါယ်ရကြောင်းလည်း Labour Rights Foundation မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ၏ OWIC ကတ် ကျောဘက်မြင်ကွင်း

“တရားဝင်ထိုင်းနိုင်ငံကို မြန်မာနိုင်ငံမှာ စာချုပ်ချုပ်ပြီး သွားခဲ့တဲ့ MoU လုပ်သားတွေအားလုံးက သူ့ရဲ့ ပုံမှန် MoU သဘောတူ စာချွန်လွှာအတိုင်းပဲ ပြန်ပြီးမှ မြန်မာနိုင်ငံမှာ သက်တမ်းတိုးဖို့ကို အဓိက ပြောတာပါ။ ထိုနည်းတူစွာပဲ ထိုင်းနိုင်ငံကလည်း အဲဒါကို လက်မှတ်ရေးထိုးထားတဲ့အတွက်ကြောင့် သူ့ရဲ့ နိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင် နေတဲ့ MoU လုပ်သားတွေ၊ တရားဝင်အလုပ်သမားတွေအားလုံးက ၄ နှစ်သက်တမ်းပြည့်လို့ရှိရင် နေရပ်ရေးကို ပြန်ရမှာဖြစ်ပါတယ်။ သို့သော် အစောပိုင်းကာလတွေမှာတော့ အားလုံးသိတဲ့အတိုင်းပဲ ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်နေတဲ့အတွက်ကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးသန်းသွားလာခွင့်မရှိတဲ့အတွက်ကြောင့် ဆက်လက် နေထိုင် ခွင့်ပြုထားတာပါ။ အခုတော့ အဲဒီရောဂါတွေ ကင်းစင်သွားတဲ့အတွက်ကြောင့် ပြီးတော့ ထိုင်းဘက်ကလည်း ပြောတယ်။ သူ့ရဲ့ သဘောတူစာချွန်လွှာမှာ လက်မှတ်ရေးထိုးထားတဲ့အတိုင်းပဲ ၄ နှစ်ပြည့်ရင် ကိုယ့်ရဲ့ နေရပ် ဒေသမှာ ပြန်ပြီးမှ အသစ်တစ်ဖန် စာချုပ်ချုပ်ရမယ်ဆိုတာမျိုးတွေ ပြန်လည်ပြောဆိုနေတာမျိုးတွေ တွေ့ရပါ တယ်” ဟု ၎င်းက ပြောသည်။

သံရုံးအနေဖြင့် ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ရာတွင် ရွှေ့ပြောင်းလုပ်သားများ နားလည်သဘောပေါက် စေရန် သေချာရှင်းလင်းစွာ ရေးသားပြီး ထုတ်ပြန်သင့်ကြောင်းနှင့် သံရုံး၏ ထုတ်ပြန်ချက်များကြောင့် ပွဲစားများ၏ အခန်းကဏ္ဍ ကြီးထွားမလာစေရန် သတိပြုသင့်ကြောင်းလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်သူများက အကြံပြုသည်။