CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) သည် ကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးရှိသဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာများကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်စေချင်ကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လာမည့် နိုဝင်ဘာ ၇ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာများ အနေ ဖြင့် PJ(passport for job) နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်မည့်သူများအား OWIC ကတ်ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ပြောရတော်တော်ခက်တယ်။ လုပ်ဆောင်သင့်သလားဆိုရင်လည်း ဒီဟာက လုပ်ဆောင်သင့်တယ်လို့ ပြောလို့ရတယ်ဗျ။ ဘာလို့ဆို မတော်တဆဖြစ်မှုတို့ အစရှိတဲ့ နစ်နာကြေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အမှုအခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်လာတယ်ဆိုရင် ဒီအချက်အလက်တွေက မြန်မာ သံရုံးကနေပြီးတော့ ထောက်ခံစာတွေက လိုတယ်လေ။ ဒီဘက်မှာရှိတဲ့ အာဏာပိုင်တွေ အသုံးပြုဖို့အတွက် လိုအပ်တဲ့ထောက်ခံချက်တွေ။ အဲဒီလိုမျိုး OWIC လုပ်ထားတဲ့လူစာရင်း အချက်အလက်တွေ ရှိထားပြီဆိုရင် တော်စပ်တာက ဘယ်သူပေါ့လေ။ သားအမိ၊ မောင်နှမ၊ ဇနီးမယားပေါ့ အစရှိသဖြင့် လုပ်ပေးဖို့လွယ်တယ်။ ဒါကတော့ ဒီဘက်ကပြောရင်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြန်ကြည့်ရမှာက ဒီအချက်အလက်တွေ အကုန်လုံးကို လက်ရှိ စစ်အစိုးရရဲ့ဝန်ထမ်းတွေ အာဏာပိုင်တွေရဲ့ လက်ထဲမှာ ဒီအချက်အလက်တွေ အကုန် ရှိတယ်ဆိုလို့ရှိရင် personal လုံခြုံရေးပေါ့နော်။ ကိုယ်ရေးအချက်အလက်တွေ ကိစ္စပေါ့နော် ဒါက စိုးရိမ်စရာ တစ်ခု။ အဲဒါက ဘယ်လိုသွားမလဲပေါ့။ ဘာလို့ဆို လူတိုင်းကလည်း မတော်တဆမှုတွေ ဖြစ်နေမှာမဟုတ်ဘူးလေ။ ဆိုလိုတာက လုပ်တာမှာလည်း ကောင်းတာရော၊ ဆိုးတာရော နှစ်ခုလုံးရှိတဲ့အတွက်ကြောင့်မို့လို့ ကာယကံရှင် ဖြစ်တဲ့ အလုပ်သမားတွေအနေနဲ့ပဲ စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်စေချင်တယ်။ သူ့ရဲ့အားနည်းချက် အားသာချက် တွေက အဲဒီလိုမျိုးတော့ရှိတယ်။ အဲဒါကိုတွေ့ကတည်းက ကျနော်တို့ မတိုက်တွန်းဖြစ်ဘူး။ တိုက်တွန်းရင် တစ်မျိုး ဖြစ်မှာစိုးလို့” ဟု ပြောသည်။

မဟာချိုင်ရှိ TDCC ရုံးမြင်ကွင်း

OWIC ကတ် လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၌ နေထိုင်သော မိသားစုများ၏ လိပ်စာ၊ ဖုန်းနံပါတ်တို့အား မှတ်တမ်း ထားရှိမည်ဖြစ်ပြီး PJ(passport for job) နိုင်ငံကူးလက်မှတ်အသစ် လုပ်ဆောင်မည့် သူများအနေဖြင့် နိုင်ငံကူး လက်မှတ်အသစ်အတွက် ကုန်ကျစရိတ် ဘတ် ၈၀၀ နှင့် OWIC ကတ်အတွက် ကုန်ကျစရိတ် ၂၅၀ ဘတ် ကုန်ကျ မည်ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ PJ(passport for job) နိုင်ငံကူးလက်မှတ်အသစ် ထုတ်ထားသူများ အနေဖြင့်လည်း မဟာချိုင်ရှိ TDCC ရုံး (သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်ရုံး)၌ PJ နိုင်ငံကူး လက်မှတ်နှင့်အတူ ၂၅၀ ဘတ် ပေးသွင်းရမည်ဖြစ်ပြီး နေ့ချင်းပြီး ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အထောက်အထားကတ်များ ထုတ်ပေးခြင်းသည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကောင်းမွန်သော် လည်း ထိုင်းနိုင်ငံတစ်နိုင်ငံလုံးရှိ မြန်မာများအတွက် ယခုကဲ့သို့ တစ်နေရာတည်းတွင် ထုတ်ပေးခြင်းသည် အဆင် မပြေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အဲဒီကိုသွားရမယ့် ကုန်ကျစရိတ်တွေက ပိုမိုများပြားတယ်။ မဟာချိုင်မှာရှိတဲ့ အလုပ်သမားများအတွက်ပဲ ဆိုရင်တော့ သိပ်ကုန်ကျစရိတ်မရှိဘူး။ အခြား မြို့နယ်တွေက သွားရမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ ကုန်ကျစရိတ်က ပိုမိုများပြားစေ တယ်။ နောက်တစ်ခု OWIC ကတ်က အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတိုင်း ဒီကတ်ကို ရှိရမယ် ရှိသင့် တယ်ဆိုတဲ့ ပေါ်လစီနဲ့ ထုတ်ပေမယ့် ထိုင်းနိုင်ငံထဲမှာ OWIC ကတ်က ဘာမှ အကျုံးမဝင်ဘူး။ ထိုင်းနိုင်ငံထဲမှာ work permit ဆိုတဲ့ ယာယီအလုပ်သမားလက်မှတ်သာလျှင် အဓိက အက္ခရာကျတာ ဖြစ်တဲ့အတွက် ဒီ ဘာမှ အရေးမကြီးတဲ့ကတ်ကို ထိုင်းနိုင်ငံထဲမှာ ထုတ်ပေးမယ်ဆိုပြီး ကြေညာတယ်။ ကုန်ကျစရိတ်တွေ သတ်မှတ် တယ်ပေါ့။ ဘတ်ငွေ ၂၅၀ လောက်နဲ့ ကုန်ကျစရိတ်ပေးပြီးတော့ ထုတ်လို့ရတယ်ဆိုပေမယ့် တစ်ယောက်မှ ဘတ် ၂၅၀ နဲ့ ၃၀၀ နဲ့ အဆင်ပြေမှာမဟုတ်ဘူးပေါ့။ ကုန်ကျစရိတ်တွေက ပိုမိုများပြားလာနိုင်တယ်။ အဲဒီနေရာမှာ အရင်တုန်းကလိုပဲ သံရုံးနဲ့ပတ်သက်တဲ့ လူပွဲစားတွေထားမယ်။ သံအရာရှိတွေနဲ့ အဆင်ပြေတဲ့လူတွေကို ထားပြီး တော့မှ တိုကင်လက်မှတ်တွေရောင်းမယ်။ အဲဒီမှာ ငွေကြေးကုန်ကျမှုတွေက ပိုမို များပြားစေတယ်ပေါ့” ဟု ၎င်းက ပြောသည်။

 နိုင်ငံကူးလက်မှတ်ထုတ်ပေးရန်စောင့်ဆိုင်းနေကြသူများ

ထိုသို့ အထောက်အထားတစ်စုံတစ်ရာ ပြုလုပ်သည့်အခါတိုင်း မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ပွဲစား တို့ဖြင့်သာ ပြုလုပ်ကြသည့်အတွက် ယခုကာလတွင် ပွဲစားတို့များပြားလာနိုင်ပြီး မြန်မာသံရုံးမှ သတ်မှတ်ထား သည့် ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျမည်ဖြစ်ကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ရန်အတွက် ပုံစံတွင် မြန်မာနိုင်ငံ၌ နေထိုင်သော မိသားစုဝင်တို့၏ အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် အလုပ်သမားကုမ္ပဏီအမည်အား ပြည့်စုံစွာ ဖြည့်စွက်ရမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာများအနေဖြင့် OWIC ကတ် ပါရှိမှသာ လေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ပြီး OWIC ကတ် သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာပြီးနောက် ပြန်လည်ထွက်ခွာမည်ဆိုပါကလည်း ထိုကတ်အား ဆက်လက်ကိုင်ဆောင်ပြီး ပြည်ဝင်/ ပြည်ထွက်တွင် အသုံးပြုနိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လက အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။