CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ရှိ အမည်ခံ အလုပ်ရှင်၏ လုပ်ငန်းခွင်တွင် မလုပ်ဘဲ အခြားသော အလုပ်ရှင်၏ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်မှု ယခင်ကထက် ပိုမိုများပြားလာ ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဥပဒေအရ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ထဲမှ အလုပ်ရှင်ထံတွင်သာ အလုပ်လုပ်ကိုင် ရခြင်းဖြစ်သည်။

သို့သော် ၎င်းအလုပ်ရှင်ဘက်မှ တရားဝင် အလုပ်ထွက်စာမပေးသဖြင့် အလုပ်ရှင်သူဋ္ဌေးအသစ် ပြောင်းလဲရန်မှာ မလွယ်ကူသောကြောင့် ယခုကဲ့သို့ အလုပ်ရှင်မတူဘဲ အလုပ်လုပ်ကိုင်မှု များလာခြင်း ဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလုပ်ရှင်သူဋ္ဌေးအဟောင်းကနေ တရားဝင် အလုပ်ထွက်စာ မပေးတာတွေပေါ့။ အဲဒီလိုမပေးတဲ့အခါဆို တစ်ဖက် အလုပ်ရှင်အသစ်သူဋ္ဌေးဆီကို အလုပ်သမားကနေ Work Permit ဟိုဘက် အသစ်သူဋ္ဌေးနာမည်နဲ့ ပြောင်းလို့မရဘူး။ မရတဲ့အခါကျတော့ ဒီအတိုင်းပဲ အလုပ်လုပ်နေရတာပေါ့။ အဲဒီမှာ ကောင်းတာတစ်ခုက ရှိသလို ဆိုးတာလည်း ရှိတယ်။ ကောင်းတာတစ်ခုက ဘာလဲဆိုတော့ အလုပ်တော့ လုပ်နေရတယ် သူဋ္ဌေး မပြောင်းလိုက် ရဘူးပေါ့။ အထူးသဖြင့် အဲဒီလိုပြဿနာတွေက MOU စနစ်နဲ့ လာတဲ့အလုပ်သမားတွေ ၉၅ ရာခိုင်နှုန်းလောက်ကို ရှိတာ။ ဘာကြောင့်လဲဆိုတော့ တရားဝင် အလုပ်ထွက်စာပေါ့ သူဋ္ဌေးဟောင်းဆီကနေ အဲဒီလို မထုတ်ပေးဘူး။ မထုတ်ပေးဘူးဆိုတာက တော်တော်များများ မြန်မာအေဂျင်စီတွေက အဲဒီလို တရားဝင်ထွက်စာတောင်းပြီးဆိုရင် အလုပ်သမားတွေဆီကနေ မတရား ပိုက်ဆံပြောင်းတယ်။ လူတစ်ယောက်ကို ဘတ်လေးထောင်၊ ငါးထောင် တောင်းမှ ထုတ်ပေးတယ်ပေါ့။ တချို့တွေဆိုရင် အလုပ်စမတ်ခဆိုတဲ့ အလုပ်လျှောက်ခ တွေကို ပေးရတယ်။ Work Permit တွေ မပြောင်းထား ပေးဘူး။ မပြောင်းထားပေးလို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ မှာ Work Permit တော်တော် များများ သက်တမ်းမတိုးထားရဘူး။ ဒါကို ဘတ်အသစ်ဖွင့်တဲ့အခါမှ ဘတ်ပြန် လျှောက်ပေးမယ်ဆိုတဲ့ ပုံစံနဲ့ ဆက်ပြီးတော့ စည်းရုံးတယ်ပေါ့။ မသိနားမလည်တဲ့ တောသူတောင်သား အများစုကတော့ ဒီလိုဒဏ်ကို ခံနေရ တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းခွင်တစ်ခု(ဓါတ်ပုံ-Getty Imgaes)

ယခုကဲ့သို့ Work Permit ထဲမှ အလုပ်ရှင်နှင့် မတူသည့်လုပ်ငန်းခွင်များတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်နေရခြင်းသည် တရားဝင်ဖြစ်စေရန် ကြိုးစားကြသော်လည်း အထောက်အထားလက်မှတ်များ ပြုလုပ် ရသည့် လုပ်ငန်းစဉ်များမှာ ၎င်းတို့အတွက် ရှုပ်ထွေးကြန့်ကြာမှုများနှင့် ကုန်ကျစရိတ် များပြားမှုများကြောင့် ယခုကဲ့သို့ တရားမဝင်ပုံစံအဖြစ်သို့ ရောက်သွားကြခြင်းဖြစ်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက သုံးသပ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ထဲမှ အလုပ်ရှင်နှင့်မတူသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ခွင့်ရနေခြင်းသည် ၎င်းတို့အား လက်ခံခန့်အပ်သည့် လုပ်ငန်းရှင်သူဌေးများကြောင့် ဖြစ်သည့် အတွက် ၎င်းတို့၌လည်း တာဝန်ရှိကြောင်း ထိုင်းနိုင်ငံရှိ Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

“အထောက်အထားရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူဌေးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တကယ်တမ်း ပြောမယ်ဆိုရင် လက်ခံတဲ့လူမရှိရင်တော့ ဘာမှလုပ်လို့မရဘူးလေ။ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ ထိုလုပ်ငန်းရှင် များလည်း အလုပ်သမားလိုအပ်မှုတွေရှိနေတယ်။ အလုပ်သမားလည်း အလုပ်လိုအပ်မှုတွေ ရှိနေတယ်။ နှစ်ယောက်စလုံးမှာ အပြစ်ရှိနေတာကို။ သူဋ္ဌေးမတူဘဲခိုင်းတဲ့သူ သူဋ္ဌေးမှာ ပိုအပြစ်များတယ်လေ။ အဲဒီမှာ သူ့ကို လုပ်ခလစာ အပြည့် ပေးလား၊ မပေးလား အဲဒီဟာလည်း ပြန်ကြည့်ရဦးမယ်။ သူဋ္ဌေးက ပိုအပြစ်ကြီးတယ်။ အလုပ်သမားတွေကရော သူဋ္ဌေးမတူဘဲနဲ့ ဘာလို့သွားလုပ်လဲ။ မလုပ်ရင် ထမင်းငတ်မှာပေါ့။ အဓိကက သူတို့ နှစ်ယောက်မှာ အခက်အခဲက တူနေတယ်” ဟု ၎င်းက သုံးသပ်သည်။

ထိုင်းဥပဒေအရ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ထဲမှ အလုပ်ရှင်ထံတွင်သာ အလုပ်လုပ်ကိုင်ရ မည်ဖြစ်သောကြောင့် ယခုကဲ့သို့ အလုပ်ရှင်သူဋ္ဌေးမတူညီပါက တိုင်ကြားချက်ကြောင့်သော်လည်းကောင်း၊ ဝင်ရောက်စီးနင်းခြင်းခံရသည့်အခါတွင်လည်းကောင်း ဖမ်းမိခဲ့ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း Labour Right Foundation (LRF) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံသည် အလုပ်အကိုင်ရှားပါးခြင်းမျိုးမရှိဘဲ ပေါများလွန်းသောကြောင့် အိမ်နီးချင်းနိုင်ငံများမှ လုပ်သား များအား ခေါ်ယူနေရခြင်းဖြစ်သောကြောင့် ရွှေ့ပြောင်းလုပ်သားများ ယခုကဲ့သို့ လုပ်ဆောင်ကြခြင်းသည် လွယ်လင့်တကူ ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အလုပ်အကိုင်ကတော့ ပုံမှန်ရှိနေတာပဲ။ သို့သော် လုပ်သားတွေကိုယ်တိုင်က လွယ်လင့်တကူ ဆုံးဖြတ်တာ။ ဥပဒေဆိုတာကို ထည့်မစဉ်းစားတော့ဘဲနဲ့ ချက်ချင်းပဲ ဒီနေ့အလုပ်လုပ်နေရင်းမှ ငါ ဒီမှာအလုပ် မလုပ်ချင်တော့ ဘူး။ ငါ့သူငယ်ချင်းက ဘယ်မှာရှိတယ်။ ငါ့ရပ်ဆွေ ရပ်မျိုးက ဘယ်မှာရှိတယ်။ အဲဒီမှာ ငါသွားပြီး အတူနေချင်တယ် ဆိုပြီး ကောက်ခါငင်ခါ ထွက်သွားတာတွေရှိတယ်။ ဥပဒေအရ ပြောရမယ်ဆိုရင် အလုပ်သမားဟာ စက်ရုံကနေမှ အလုပ်ကနေ ထွက်ခွာချင်ပါတယ်ဆိုရင် အနိမ့်ဆုံး ၁၅ ရက် ကြိုတင်အကြောင်းကြားရတယ်။ အလုပ်ရှင်ကလည်း ဒီလုပ်သားကို မလိုချင်တော့ပါဘူးဆိုရင် နောင် ၁၅ ရက်နေရင် အလုပ်ကနေ အနားပေးတော့မယ်ဆိုတာမျိုး အပြန်အလှန် အလုပ်ရှင်၊ အလုပ်သမားဘက်ကနေ သတိပေးရတာတွေ အကြောင်းကြားရတာတွေရှိတယ်။ ကိုယ်ကိုယ်တိုင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လာရောက် အလုပ်လုပ်ကိုင်နေစဉ်ကာလမှာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအားလုံး သိအောင်ကြိုးစားပြီးမှ စနစ်တကျ နေထိုင်လုပ်ကိုင် ကြဖို့ အကြံပြုချင်ပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်ရှင်မတူဘဲ အလုပ် လုပ်ကိုင်နေသည်ဟု တိုင်ကြားချက်ကြောင့် ထိုသို့လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၈ ဦး နှင့် ကမ္ဘောဒီးယား လုပ်သား ၉ ဦး စုစုပေါင်း ၁၇ ဦးတို့အပြင် ထိုင်း ကန်ထရိုက်တာနှစ်ဦးကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။