CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ထိုင်းနိုင်ငံရှိ တရားဝင် မြန်မာရွှေ့ပြောင်း ရေလုပ်သားများသည် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ လက်ရှိအချိန်အထိ လုပ်ခလစာ မရရှိဘဲ နှစ်ပတ်ခန့် (သို့မဟုတ်) လနှင့်ချီကာ အလှည့်ကျဖြင့် အလုပ်ရပ်နားရခြင်း အများအပြား ကြုံတွေ့နေရသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

စက်လှေလုပ်ငန်းပိုင်ရှင်များမှ ရာသီဥတုအကြောင်းပြချက်၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုအကြောင်းပြချက်များဖြင့် ရေလုပ်သားများအား လုပ်ခလစာမပေးဘဲ အလုပ်ရပ်နားခြင်းကို လုပ်သားများအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာ များသို့ တိုင်ကြားခြင်းမရှိကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “သူတို့က စုပြီးတော့ တင်ပြရမယ်။ တကယ့်တကယ်က အလုပ်နားလို့ ရှိရင် အလုပ်ရှင်ကနေ တာဝန်ယူရမှာ။ နောက်ပြီး အလုပ်သမား ကာကွယ်ရေးဌာနတွေကို အကြောင်းကြားလို့ ရတယ်။ ဆိပ်ကမ်းတွေမှာဆိုရင် put in, put out လို့ခေါ်တဲ့ လှေအဝင်အထွက် စစ်ဆေးတဲ့ဌာနတွေမှာ တိုင်ကြား လို့ရတယ်။ ဒါပေမယ့် အလုပ်သမားတွေကတော့ အဲဒီလိုမျိုး တခါမှ မလုပ်ဘူး။ သူတို့ကို ကူညီပြီးလုပ်ပေးမယ့် အဖွဲ့အစည်းတွေအနေနဲ့ကလည်း အခက်အခဲရှိတာပေါ့။ ဘာမှ မတင်ပြနိုင်ဘဲနဲ့ အချက်အလက် မရှိဘဲနဲ့ လုပ်ဖို့က ခက်တယ်ပေါ့။ ဒါကတော့ သူတို့မှာလည်း အကြောင်းအမျိုးမျိုးရှိတယ်။ သူတို့က ဒီအလုပ်ကို ပြုတ်သွားမှာ စိုးတယ်။နောက်တစ်ခုက အလုပ်ရှင်ကို အားနာတယ်တို့ အဲဒီလိုမျိုးတွေပေါ့။ ပြီးတော့ လှေသားတွေက တခြား အလုပ်ကို လုပ်ဖို့က ခက်ခဲတယ်လေ။ တခြားအလုပ်လည်း မလုပ်တတ်ကြတော့ ဆိပ်ကမ်းနဲ့ အဲဒီပတ်ဝန်းကျင်နဲ့ ရေလုပ်ငန်းနဲ့ ဆက်စပ်တာကလွဲလို့ သူတို့က တခြားအလုပ်ကို မလုပ်ကြဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

ထိုသို့ လုပ်ခလစာမရရှိဘဲ အလုပ်ရပ်နားခံရသည့် အချိန်ကာလများတွင် ၎င်းဆိပ်ကမ်းရှိ အခြား ကြုံရာကျပန်း ရရာအလုပ်များလုပ်ကိုင်ကာ စားသောက်နေထိုင်နေကြရပြီး တချို့ရေလုပ်သားများသည် တခြားနေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ကြကြောင်း သိရသည်။

အလုပ်ရှင်အနေဖြင့် တစ်စုံတစ်ရာ အကြောင်းအရင်းတစ်ခုကြောင့် လုပ်ငန်းတစ်ခုလုံး လုံးဝ ရပ်နားလိုက်ခြင်း မဟုတ်ဘဲ ယခုကဲ့သို့ အချိန်အပိုင်းအခြားဖြင့် ရပ်နားပါက အလုပ်သမားများ၏ လုပ်ခလစာအား ပေးကိုပေးရမည် ဖြစ်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ မြန်မာရေလုပ်သားများ(ဓါတ်ပုံ-CNN)

“ဒါဟာ အက်စီးဒန့်ကြောင့်၊ သဘာဝဘေးအန္တရာယ်ကြောင့်၊ တစ်ခုခုကြောင့် ပျက်သွားတာမဟုတ်ဘူးပေါ့။ အဲဒီ တော့ အလှည့်နဲ့ခိုင်းမယ်ဆို အလုပ်မပေးနိုင်ဘူးပေါ့။ အလုပ်မပေးနိုင်ဘူးဆိုရင် ဒီအလုပ်သမားတွေကို MOU စနစ် နဲ့သွင်းလာတဲ့အလုပ်သမားတွေလားပေါ့။ အဲဒါဆိုရင်တော့ သက်ဆိုင်ရာမြန်မာအေဂျင်စီတွေက ဘာကြောင့် ဒီလို မြန်မာအလုပ်သမားတွေကို တစ်ပတ်နား တစ်ပတ်လုပ်၊ တစ်လနား တစ်လလုပ် ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို စုံစမ်းမေးမြန်းဖို့လိုတယ်။ နောက်တစ်ခုက အလုပ်သမားအရေး တည်ဆဲဥပဒေအရ စက်ရုံအပြီး ပိတ်သွားတာ မဟုတ်တဲ့အတွက် တစ်ပတ်နားရင်လည်း တစ်ပတ်စာ ပေးရမယ်။ တစ်လနားရင်လည်း တစ်လစာ အပြည့် ပေးရမယ်။ ဘာကြောင့်ဆို စက်ရုံ ပျက်စီးသွားတာ၊ ပိတ်သွားတာ မဟုတ်တဲ့အတွက်။ အလုပ်မပေးနိုင်ရင်လည်း သူက လုပ်အားခပေးရမယ်”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသည့် ရေလုပ်သားအများစုသည် တရားဝင်များဖြစ်ကြပြီး ရပ်နားခံရသည့် မြန်မာရေ လုပ်သားများမှာ ခရိုင်အလိုက် ရာနှင့်ချီရှိကာ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွက်ကြည့်မည်ဆိုပါက တစ်ထောင်ကျော် ရှိနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံမှ မြန်မာအလုပ်သမားများနှင့် ပင်လယ်ငါးဖမ်းလှေတွင် လုပ်ကိုင်နေသည့် မြန်မာ ရေ လုပ်သားများအား နှိုင်းယှဉ်မည်ဆိုပါက မြန်မာရေလုပ်သားတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပို၍ လွယ်ကူ ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

“အဓိကကတော့ စက်ရုံမှာလုပ်တဲ့ အလုပ်သမားတွေကတော့ တစ်စုံတစ်ရာ အလုပ်ချိန် နည်းနည်းများတာရှိရင် ရှိနိုင်တယ်။ တော်ရုံတန်ရုံ ပြဿနာလေးတွေတော့ ရှိရင်ရှိနိုင်တယ်။ ဒါပေမယ့် တိုင်ကြားဖို့လွယ်ကူတာပေါ့။ ဒီပင်လယ်ငါးဖမ်း အလုပ်သမားတွေကျတော့ အရင်တုန်းကဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူကုန်ကူး ခံရမှုတွေ အမြဲတွေ့နေရတယ်။ အခုလည်း တချို့နေရာတွေမှာ ရှိနေတုန်းပဲ။ ကျနော်တို့ ပင်လယ်ငါးဖမ်းလုပ်ငန်း မှာလုပ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့တော့ ပိုပြီးတော့ အန္တရာယ်ရှိတယ်။ ပိုပြီးတော့ အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံရဖို့ ပိုပြီးတော့ လွယ်ကူတယ်ပေါ့။ အဓိကပြဿနာက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိုယ်တိုင်က သူတို့ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြီး တိုင်တာက နည်းနည်း အားနည်းတာမျိုးတွေရှိတယ်။ သူတို့ ကိုယ်တိုင်က သူတို့အခွင့်အရေးကို တောင်းဆိုနိုင်တဲ့လူတွေဖြစ်ဖို့တော့ လိုတာပေါ့။ တချို့ကျတော့လည်း အလုပ် ပြုတ်မှာကြောက်တယ်။ တချို့ကျတော့လည်း လုပ်ငန်းရှင်တွေက ရန်ပြုမှာပေါ့။ ဒါကြောင့် အလုပ်ရှင်နဲ့ တိုက်ရိုက် ပြောဆိုတာမျိုးတွေ အတတ်နိုင်ဆုံး ရှောင်တာမျိုးတွေ” ဟု ၎င်းက ပြောသည်။

အချို့ရေလုပ်သားများသည် အလုပ်ရှင်နှင့်ချုပ်ဆိုထားသည့်စာချုပ်များအား ၎င်းတို့ထံတွင် သိမ်းဆည်းမထားဘဲ အလုပ်ရှင်များထံတွင် အပ်ထားခြင်းများရှိသည့်အတွက်ကြောင့်လည်း တိုင်ကြားရန်အတွက် အခက်အခဲရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ရေလုပ်သားအဖြစ် တရားဝင် လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားဦးရေသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တွက်ကြည့်မည်ဆိုပါက ပျမ်းမျှအားဖြင့် ၅၀၀၀၀ (ငါးသောင်း) ဝန်းကျင်ခန့်ရှိကြောင်းလည်း သိရသည်။