CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ကုန်သည်တချို့က တရုတ်ကြက်သွန်နီများကို ပြည်တွင်းသို့ တင်သွင်းလာပေမယ့်လည်း ဝယ်သူမရှိဘဲ ဖြစ်နေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

တရုတ်နိုင်ငံမှ ကြက်သွန်နီများကို ကုန်သည်များက ကုန်တင်တွဲကား ၁၂ စီး၊ ပိဿာတန်ချိန် ၃ သိန်းကျော် တင်သွင်းထားကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သို့သော် ဝယ်ယူသူ မရှိသည့်အတွက် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၁၀၀၀ ကျပ်အထိ ကျဆင်းသွားနိုင်သည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မီးဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီထက် ထပ်တက်မယ်ထင်ပြီးတော့ တရုတ်ကနေ သွင်းလာတဲ့သူတွေလည်း ရှိတယ်။ သူတို့က ဒီဟာ ဆိုရင် ဒီထက် ထပ်တက်ရင်တော့ သူတို့မြတ်မှာပဲဆိုပြီး သွင်းလာတာ။ သူတို့သွင်းတာတော့ တွဲကား ၁၂ စီးလို့ ပြောတယ်။ တွဲကား ၁၂ စီးဆိုရင် ၁ စီးဆို ၃ သောင်းလောက် ဆံ့တယ် တန်ချိန်။ ၃ သိန်းကျော်လောက်ပဲ ရှိမှာပေါ့။ အခု ဒီမှာရောက်တော့တာ ၆ သောင်းပဲ ရှိသေးတယ်။ ရောက်အုံးမှာ ရှိသေးတယ်။ သူတို့ နယ်တွေမှာ ဒီအတိုင်း ခဏထားထားတာ။ ရောင်းမှ မရောင်းရတာ။ မရောင်းရတော့ မတင်ရဲဘူး။ ဝယ်သူမှ မရှိတာ။ မကြာခင် ၁၀၀၀ ဖြစ်သွားနိုင်တယ်။ ဘာလို့ဆို ရောင်းလို့မရတော့ ဟိုနေ့က ၂၆၀၀/ ၂၇၀၀ ဖွင့်တယ်။ နောက်နေ့ ၂၀၀၀ ဖွင့်တယ်။ အခု ၁၅၀၀ ဖွင့်တယ် ဝယ်သူမရှိဘူးဘဲ ၁၀၀၀ ဖြစ်အုံးမှာ” ဟု ပြောသည်။

ကြက်သွန်နီများ ကားပေါ်တင်နေကြစဉ် (VOA)

မြန်မာနိုင်ငံတွင် နှစ်စဉ် ပြည်တွင်း ကြက်သွန်ဈေးနှုန်း မြင့်တက်ချိန်၌ တရုတ်ကြက်သွန်နှင့် အိန္ဒိယ ကြက်သွန်များ ကို ကုန်သည်များက တင်သွင်းလေ့ ရှိကြသည်။ သို့သော်လည်း ယခုနှစ် တင်သွင်းထားသည့် တရုတ်ကြက်သွန်များ ကို ဝယ်မည့်သူ မရှိဖြစ်နေကြောင်း သိရသည်။

တရုတ်ကြက်သွန်များကို နှစ်စဉ် အောက်တိုဘာလမှသာ တင်သွင်းလေ့ ရှိကြသော်လည်း ယခုနှစ် ပြည်တွင်း ကြက်သွန်ဈေးသည် စောလျင်စွာ မြင့်တက်နေခြင်းကြောင့် တရုတ်ကြက်သွန်များ စော၍ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်များသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် တစ်ပိဿာ ၃၂၀၀ ကျော် ဈေးနှုန်းရှိခဲ့ပြီး တရုတ်ကြက်သွန် ဝင်ရောက်လာပြီးနောက် တစ်ပိဿာ ၂၇၀၀ အထိ ကျဆင်းသွားသည်ဟု ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက ပြောသည်။

ကြက်သွန်နီများကိုတွေ့ရစဉ်

၎င်းက “တရုတ်ကားတွေ တွဲ ၁၀ စီးတောင် ဘုရင့်နောင်ဝင်တာဆိုတော့ နည်းနည်းလည်း လန့်သွားတာပေါ့ဗျာ။ အဲလိုပါ။ ကျန်တာတွေက အခုက လှတာတောင်မှ ၂၅၀၀/ ၂၆၀၀ တဲ့၊ ၂၇၀၀ တဲ့ အဲဒီဈေးတွေပေါ့။ ကျတော့ကျ တယ် ထပ်ပြီးတော့ မကျနိုင်လောက်ဘူး။ ၂၅၀၀ ပတ်ချာလည် လောက်ပဲ ငြိမ်မှာ။ တရုတ်ကြက်သွန်က ၁၀ လ ပိုင်းမှ ဝင်တာပါ။ အခုမှ စောတာပါဝင်တာက။ ဒီက တအားမြင့်သွားတော့ ဝင်သွားတာပေါ့ အဲဒီလိုပေါ့ သွင်းကြ တော့တာပေါ့။ ဒါပေမယ့် တရုတ်သမားတွေလည်း ရှုံးတယ်လို့ ပြောပါတယ်။ ၂၈၀၀ လောက်ကျတာတွေ ဘုရင့် နောင်ရောက်တော့ ရောင်းမကောင်းဘူး ပြောတယ် တရုတ်ကြက်သွန်။ ၂၂၀၀၊ ၂၃၀၀၊ ၂၄၀၀ တွေတဲ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံထဲသို့ တရုတ်ကြက်သွန်များ ဝင်ရောက်လာသည့်တိုင် ပြည်တွင်းမှာလည်း ပြည်တွင်းထွက် ကြက်သွန် လက်ကျန်များ များစွာ ကျန်ရှိနေသေးကြောင်း၊ ကြိုတင်သိုလှောင်ထားသည့် ကုန်သည်တချို့ထံတွင် ကြက်သွန်များသည် အပင်များပေါက်လာပြီး ပျက်စီးမှုများလည်း ရှိနေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ထံမှ သိရ သည်။

ထို့နောက် စိုက်ပျိုးထားသည့် ကြက်သွန်များသည်လည်း တန်ဆောင်မုန်းလတွင် ထပ်မံထွက်ရှိလာတော့ မည်ဖြစ် သည်။

အလားတူ ယခုနှစ်တွင် ဓာတ်မြေဩဇာ ဈေးနှုန်းများသည် ယခင်နှစ်ထက် နှစ်ဆခန့် မြင့်တက်နေခြင်းကြောင့် အသစ်ထပ်မံ ထွက်ရှိလာမည့် ကြက်သွန်များကို ဈေးနှုန်းတိုးမြှင့်၍ ဝယ်ယူကြစေရန် တောင်သူများက လိုလားနေ ကြကြောင်း သိရသည်။