CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

မလေးရှားနိုင်ငံတွင် MyRC ကတ် ကိုင်ဆောင်ထားသည့် မြန်မာအပါအဝင် အခြားနိုင်ငံသားများကို မလေးရှား အစိုးရအနေဖြင့်တစ်စုံတစ်ရာ တာဝန်ယူပေးမှုမရှိကြောင်း မလေးရှားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများ က CNI သတင်းဌာနသို့ ပြောသည်။

MyRC ကတ်သည် မလေးရှားသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ လုပ်ဆောင်ရမည်ဟုဆိုကာ ပြီးခဲ့သည့် မလေးရှား အစိုးရလက်ထက်က တရားဝင် စတင်ခဲ့သော Project ဖြစ်သော်လည်း မြေပြင်တွင် ထိုကတ် ကိုင်ဆောင်ထားပါကလည်း တရားဝင်မှုမရှိကြောင်း ကြုံတွေ့နေရသည်ဟု ARRC မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်းဌာနသို့ ပြောသည်။

“တကယ်တန်းကျတော့ MyRC ကတ်နဲ့ အဖမ်းခံထိတယ်ဆိုလည်း ဘာမှလည်း ဆောင်ရွက်ပေးတာတို့ ဘာတို့ မရှိဘူးပေါ့။ အဲဒီတော့ MyRC ကတ်က အဆင်မပြေဘူးပေါ့။ မလေးရှားထဲမှာ တရားဝင်မှု မရှိဘူးပေါ့။ အရင်အစိုးရရဲ့ရွေးကောက်ပွဲကိစ္စတွေမှာ လုပ်ခဲ့တဲ့အစီအစဉ်ဆိုတော့ နောက်အစိုးရတက်လာတဲ့အချိန်မှာ အသိအမှတ် မပြုဘူးပေါ့ ခန့်မှန်းရတာပေါ့။ ဒါပေမယ့် ဥပဒေအကြောင်းအရကျတော့ ရဲဖမ်းခံရရင် အဲဒီကတ်ကို ပြတယ်။ ရဲက လက်မခံဘူး။ လ.ဝ.က က အဖမ်းခံထိရင်လည်း အဲဒီအတိုင်းပဲပေါ့။ မလေးရှား အာဏာပိုင်တွေဆီ ပြလိုက်ရင် သူတို့က အဆင်မပြေဘူးဆိုတဲ့ အသံပဲကြားတာပေါ့။ ဘာမှမရဘူး။ ကျနော်တို့က ကျန်းမာရေးဆိုရင် လည်း UN ကိုပဲ အကူအညီတောင်းရတယ်။ ဒေသတွင်း NGO တွေကို အကူအညီတောင်းရတယ်။ ဒီလောက်ပဲ။ သူတို့အပိုင်းမှာတော့ ဘာမှမရဘူး။ သူတို့ထုတ်ပြန်ချက်တွေမှာတော့ မလေးရှားပိုင်းမှာ တရားဝင်မှုတွေဘာတွေ ရှိတယ်လို့တော့ တွေ့ရတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာကြတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံတွင် MyRC ကတ်နှင့် UN ကတ်နှစ်ခုအား တွဲ၍ ကိုင်ဆောင်ထားပါက မလေးရှားအစိုးရထံမှ ကျန်းမာရေး၊ ပညာရေးထောက်ပံ့မှုများအပြင် စက်ရုံ၊ အလုပ်ရုံတို့တွင် တရားဝင်လုပ်ကိုင်ခွင့်ပေးမည်ဟု ဆိုထားသော်လည်း ထိုအခွင့်အရေးအား ကတ်ကိုင်ဆောင်ထားကြသူတိုင်း မရရှိကြောင်း သိရသည်။

UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်ကတ်(ဓါတ်ပုံ-UNHCR)

MyRC ကတ်ကိုင်ဆောင်ထားပြီး အဖမ်းခံရပါက မလေးရှားအစိုးရမှ တာဝန်ယူမှုမရှိသည့်အတွက် သတ်မှတ် ထားသည့် ဥပဒေအလိုက် ပြစ်ဒဏ်ချမှတ်ခံရပြီး UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်ကတ် ကိုင်ဆောင် ထားသူများသည် ဖမ်းဆီးခံရပါက ပြန်လွတ်ကြောင်း သိရသည်။

မလေးရှားတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအနေဖြင့် ၎င်းတို့အား တစ်စုံတစ်ရာ တာဝန်ယူပေးနိုင်သည့် ဒုက္ခသည်ကတ်မျိုးသာ ကိုင်ဆောင်၊ လုပ်ဆောင်ထားသင့်ကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို(CAR) မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။

“တကယ်လို့ ကိုင်မယ်ဆိုရင် ဒုက္ခသည်ဆိုရင် မြန်မာဒုက္ခသည်တွေဆိုရင် ဒုက္ခသည် community အဖွဲ့အစည်း တွေမှာ ဒုက္ခသည်ကတ် ကိုင်တာကတော့ အကောင်းဆုံးပါပဲ။ အဲဒါဆိုရင် ဦးဇင်းတို့က ကမ္ဘာ့ကုလသမဂ္ဂ UNHCR တို့ဆီ တာဝန်ယူပြီး ဖြေရှင်ပေးတဲ့ ဒါက ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတွေဆိုတော့။ ဒီ MyRC ကတ်ကြတော့ သူတို့နည်း သူတို့ဟန်နဲ့ လုပ်ထားကြတာလေ။ အဲဒါကတော့ တစ်ကဏ္ဍပေါ့။ အဲဒါကတော့ ဒုက္ခသည်ကတ် မဟုတ်ဘူးလို့ ပြောလို့ရတယ်။ သူတို့ နားလည်မှုတွေနဲ့ လုပ်ထားကြတာပါ။ ဒုက္ခသည်စာရင်း ဝင်တဲ့ ကတ်တွေတော့မဟုတ်ဘူး။ ကတ်ထုတ်ပေးတာပဲရှိတယ်။ လိုက်ပြီးတော့ ဆောင်ရွက်ပေးတယ်၊ ကူညီ ပေးတယ်၊ ရဲစခန်း၊ ကျန်းမာရေးအခက်အခဲဖြစ်တယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ပြဿနာတွေဖြစ်ကြ တယ်။ အဲဒီလိုတွေဖြစ်လာရင် ရှင်းပေးတဲ့အသံတော့မကြားဘူး”ဟု ၎င်းက မိန့်သည်။

ယခုနောက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ MyRC ကတ်အား လုပ်ဆောင်လာကြမှု နည်းပါးလာကြောင်းနှင့် ဒုက္ခသည် အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းအချို့အနေဖြင့်လည်း MyRC ကတ် လုပ်ဆောင်ရန် မတိုက်တွန်းကြောင်း လည်း သိရသည်။

ARRC မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက“အရင်က ကျနော်တို့ အဖွဲ့အစည်းကတ် ကိုင်ဆောင်ထားသူတွေကို MyRC ကတ် လုပ်ပေးတာပေါ့။ ချိတ်ဆက်ပြီးတော့။ ဒါပေမယ့် နောက်ပိုင်း အဖမ်းခံထိတယ်။ သူတို့ဘက်က ဥပဒေအကြောင်းအရ ဆောင်ရွက်မပေးနိုင်ဘူးဆိုတဲ့အခါကြတော့ ကျနော်တို့ မန်ဘာတွေကို ပေးပြီး မလုပ် တော့ဘူးပေါ့။ အသစ်လုပ်တဲ့လူတော့နည်းသွားတာပေါ့။ အရင်လူတွေကိုတော့ အလုပ်ရှင်တွေကနေ သက်တမ်း မတိုးရင် မနေရဆိုပြီး သက်တမ်းတိုးတဲ့လူတွေတော့ရှိတာပေါ့။ ဒါပေမယ့် အသစ်လုပ်တဲ့လူတွေကြတော့ ကျနော် တို့က အားမပေးတော့ဘူးပေါ့။ ဘာလို့လဲဆို ဥပဒေအကြောင်းအရ တရားဝင်မှုရှိမနေတော့ မလုပ်စေချင်တဲ့ သဘောပေါ့” ဟုပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ MyRC ကတ် ကိုင်ဆိုင်ထားသည့် မြန်မာ တစ်သောင်းကျော်ခန့်ရှိပြီး မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များအနေဖြင့် ဒုက္ခသည်ကတ် လျှောက်မည်ဆိုပါက မလေးရှားရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတို့၏ အဖွဲ့အစည်းမှ ထုတ်ပေးသည့်ကတ် ရှိရမည်ဖြစ်ကြောင်း သိရသည်။