CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇

ထိုင်း-မလေးရှား နယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူအဖြစ် ရခိုင် ၉ ဦး အား စစ်ဆေးရာတွင် သေဆုံးသူအလောင်းနှင့်ဆက်စပ်ပြီး တစ်ဦး၏လက်ဗွေရာကို တွေ့ရှိကြောင်းနှင့် ထိုသူမှာ စစ်တွေမြို့မှဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ယက်(MWRN) က CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် သံသယရှိသူ ၉ ဦးထဲတွင် မျက်မြင်သက်သေအဖြစ် တစ်ဦးပါဝင်ကြောင်းနှင့် ထပ်မံဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၈၀ ကျော်ထဲမှ မျက်မြင်သက်သေအဖြစ် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထပ်မံတွေ့ရှိပြီး အဆိုပါ ၄ ဦးစလုံးသည် ရခိုင်လူမျိုးများ ဖြစ်ကြောင်း သိရသည်။

ထို ၄ ဦးတို့မှာ စစ်တွေမှ ၁ ဦး၊ ပုဏ္ဏားကျွန်းမှ ၁ ဦးနှင့် မင်းပြားမှ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

MWRN မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက “ဒီ ၉ ဦးထဲကနေပြီးတော့ ၂ ယောက်တွေ့တယ်။ စစ်ဆေး လိုက်တဲ့အခါ လက်ဗွေက တစ်ယောက်တွေ့တယ်။ နောက်ပြီးတော့ ဝိုင်းဖမ်းတဲ့အခါ ပါဝင်တယ် ဆိုပြီးတော့ သူကိုယ်တိုင်လည်း ထွက်ဆိုထားတာရှိတယ်။ အဲဒါကြောင့် ၂ ယောက်ပေါ့လေ။ နောက်တစ်ဖွဲ့ကနေပြီးတော့ တစ်ယောက် ပိုက်ဆံကောက်ပေးတဲ့ ပိုက်ဆံကောက်ပြီးတော့ အဲဒီထိုင်းလူမျိုးကို ပေးတာပေါ့လေ။ သူ တစ်ယောက် သုံးယောက်။ ကောင်မလေးကတော့ သူထွက်ဆိုထားတာတော့ သူ့ကိုလွှတ်လိုက်တဲ့အချိန်မှာ သူက ကြောက်ပြီးတော့ ထွက်ပြေးတယ်။ ဘာမှ မသိခဲ့ဘူးပေါ့လေ။ ဒီကောင်မလေးကတော့ သူ့ရဲ့ထွက်ဆိုချက်အတိုင်းသာ သူက တော့ မသက်ဆိုင်သလိုဖြစ်နေပြီပေါ့။ အလားအလာအရမ်းကောင်းနေတယ်”ဟု CNI သို့ ပြောသည်။

ဖြစ်စဉ်မှာ ၎င်းသေဆုံးသူ ထိုင်းနိုင်ငံသားသည် မြန်မာအလုပ်သမားများရှိနေသည့် နေရာသို့ ရောက်ရှိလာပြီး မြန်မာအမျိုးသမီးတစ်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့်အတွက် အလုပ်သမားများထဲမှ ထိုင်းစကား အနည်းငယ် နားလည်သူက ညှိနှိုင်းခဲ့ရကာ ငွေပေးပါက လွှတ်ပေးမည်ဟုဆိုကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းဘတ်ငွေတစ်ချို့အား ပေးလိုက်သော်လည်း ဓားစားခံ မြန်မာအမျိုးသမီးကို ပြန်မလွှတ်ပေးဘဲ ထိုနေရာမှ ထွက်ခွာရန် ကြိုးစားခဲ့ကြောင်း၊ အဖမ်းခံထားရသည့် မြန်မာအမျိုးသမီးက ကိုယ်လွတ်ရုန်းကာ ထွက်ပြေးသည့်အချိန်တွင် အလုပ်သမားများထဲမှ လူတစ်ဦးက ကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် ထိုင်းနိုင်ငံသားမှာ နေရာမှာတင် မူးဝေကာ မေ့လဲသွားသည်ကို သေဆုံးပြီအထင်ဖြင့် မြေမြှုပ်ထားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ကိုသိန်းထွန်းက “ဒီ အမျိုးသား နှစ်ယောက်နဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး တစ်ယောက်။ ဒီ သုံးယောက်ကို အမှုကနေပြီးတော့ အမှုနဲ့မသက်ဆိုင်ဆိုတဲ့အကြောင်းကို မနေ့ကပေါ့လေ တရားရုံးကနေပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရောက်လာပြီးတော့ အမှုတွဲမှာ မှတ်ချက်တွေလာယူတယ်။ အဲဒီမှာ ကျ‌နော်တို့လူတွေရှိတယ်။ ဒီ သုံးယောက်ကနေပြီးတော့ အမှုနဲ့ လုံးဝကို လွတ်ကင်းဖို့ အတိုင်းအတာ ရှိတယ်ပေါ့လေ။ ဒါပေမယ့် ဒီ လက်ဗွေ မိတဲ့သူကတော့ လုပ်ရတာ နည်းနည်းခက်မယ်ပေါ့။ အခု ဒီ ၄ ယောက်လုံးက အမှန်တကယ် လူသတ်မှု ကျူးလွန် တဲ့တရားခံကို မိမယ်ဆိုလို့ရှိရင် ရှာလို့ရမယ်ဆိုရင် ဒီ ၄ယောက်လုံးက အကြွင်းမဲ့လွတ်မှာပါတဲ့။ ဒီ လက်ဗွေ အတွက်ကို သူတို့က မှတ်ချက်မပေးသေးဘူး။ သူတို့ ပြန်ပြီးတော့ သုံးသပ်ရဦးမယ်ပေါ့။ လွှတ်ပေးမယ်ဆိုတာ တော့ မဖြစ်နိုင်သေးဘူးပေါ့လေ။ ဒီလိုမျိုးပြောသွားတယ် မနေ့ကနေပြီးတော့” ဟု ပြောသည်။

ထိုင်း-မလေးရှားနယ်စပ်၊ ထိုင်းဘက်အပိုင် တောထဲတွင် ထိုင်းနိုင်ငံသားတစ်ဦး၏ အလောင်းကို မေလ ၃၁ ရက်က တွေ့ရှိခဲ့သဖြင့် ဇွန်လ ၂ ရက်နေ့မှ စတင်ရှာဖွေခဲ့သည်။ အဲဒီနောက် မလေးရှားသို့ တရားမဝင် ခိုးဝင်မည့် မြန်မာ ၄၀၀ ကျော်အား တွေ့ရှိကာ ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမေးမြန်းနေခြင်းဖြစ်ပြီး ၎င်းတို့အား ခေါ်ဆောင်လာသည့် ပွဲစားကိုလည်း ဖမ်းဆီးထားကြောင်းသိရသည်။

အဆိုပါ မြန်မာ ၄၀၀ ကျော်တို့သည် ပွဲစားဖြင့် မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတဆင့် တရားမဝင် ခိုးဝင်ရန်အတွက် ရောက်ရှိနေသူများဖြစ်ကြောင်းသိရသည်။