CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ထိုင်းနိုင်ငံတွင် လက်ရှိ၌ တရားမဝင် အထောက်အထားမဲ့များအား လိုက်လံရှာဖွေဖမ်းဆီးရာတွင် တည်နေရာအား အတိအကျမထုတ်ပြန်သည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားကြရန် ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က စီမံချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းတို့ဝင်ရောက်ရှာဖွေစစ်ဆေးမည့် နေရာဒေသနှင့်ပတ်သက်၍ ညွှန်ကြားချက်များထွက်ရှိသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ရှောင်တိမ်းရ အဆင်ပြေသော်လည်း ယခုလက်ရှိတွင် ထိုသို့ ညွှန်ကြားချက်များမရှိသည့်အတွက် မြန်မာများ သတိထားဆင်ခြင်ကြရန် ၎င်းတို့က အကြံပြုခြင်းဖြစ်သည်။

MWRN မှ အကြံပေး ဦးအောင်ကျော်က “သူတို့ပုံမှန်ရှောင်တခင်ဝင်ရောက်စစ်ဆေးရေးနဲ့ တွေ့ရှိသွားပြီးမှ အဖမ်းအဆီးမှုတွေ များလာတာပါ။ ဟိုတုန်းကဆိုရင် ဘယ်လဆိုရင်တော့ တရားဝင်စာရွက်စာတမ်းတွေ လုပ်ပေးပြီးသွားပြီ။ အဲဒီနောက်ပိုင်းမှာ ဆိုရင်တော့ ထိုင်းဥပဒေအရ အားလုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေမယ် ဆိုပြီး သတင်းထွက်ပြီးမှ ဖမ်းတာ။ စီမံချက်ပုံစံမျိုးနဲ့ ဘယ်ခရိုင်မှာရှိတဲ့ ဘယ်ဒေသတွေကို အဓိကစစ်ဆေးမယ် ဆိုတာမျိုး ညွှန်ကြားချက်တွေ ဘာမှမရှိဘူး။ ဟိုတုန်းကဆိုရင်တော့ ဘယ်နေ့ ဘယ်လကနေစပြီးမှ ဘယ်နေရာ တွေကို အထူးသဖြင့် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမယ်ဆိုတာမျိုး သတင်းထွက်တော့ လုပ်သားတွေအနေနဲ့ တချို့လည်း ရှောင်တာ တိမ်းတာတွေ ပြင်ဆင်တာတွေ လုပ်တာပေါ့။ အခုကတော့ သူ့ဟာသူ ပုံမှန်သွားလာ နေရင်းကို လိုက်စစ်တာဆိုတော့ ရှောင်ဖို့တိမ်းဖို့အတွက် မလွယ်ဘူးပေါ့။ ဒါပေမယ့် လုပ်သားတွေ ကိုယ်တိုင် သိထားဖို့ လိုအပ်တာကတော့ ကိုယ့်မှာ ထိုင်းနိုင်ငံရဲ့သတ်မှတ်ထားတဲ့ တရားဝင်စာရွက်စာတမ်းတွေ အထောက် အထားတွေ မပြည့်စုံဘူးဆိုရင်တော့ ကိုယ်ကိုယ်တိုင် သတိထားဆင်ခြင်နေထိုင်ရင်တော့ ပိုပြီးကောင်းပါတယ်” ဟု ပြောသည်။

ဈေးရောင်းနေသည့် မြန်မာအချို့အဖမ်းခံရစဉ်

လက်ရှိတွင် ထိုသို့ ဖမ်းဆီးမှုမှာ များပြားလာသကဲ့သို့ ထိုင်းလူမျိုးများ၏ တိုင်ကြားမှုများကြောင့် လိုက်လံ ဖမ်းဆီးမှုမှာလည်း များပြားလာကြောင်း ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်သူများထံက သိရသည်။

အဖမ်းအဆီးခံရသည့်အထဲတွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးပါဝင်ပြီး စက်ရုံ၊ အလုပ်ရုံများ၊ လမ်းဘေး၌ အစားအသောက်ရောင်းချသည့်နေရာများ၌ အဖမ်းခံရမှုအဓိကဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံတွင် လမ်းဘေး၌ အစားအသောက်ရောင်းချခြင်းအား ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိကြောင်း ဥပဒေမှာပါရှိသော်လည်း မြန်မာအချို့မှာမူ ရောင်းချနေကြသည်ကို မြင်တွေ့ရကြောင်းနှင့် ထိုသို့ ရောင်းချနေခြင်း သည် ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံမှ ချမှတ်ထားသည့် ဥပဒေအား မသိရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလေးမထားတဲ့ သဘောလည်းပါတာပေါ့။ အလေးမထားဘူး ဆိုတာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒါကို အရေးကြီးတယ်လို့ သူတို့စိတ်ထဲမှာ မယူဆဘူး။ လောလောဆယ် ပြဿနာတွေကို ဖြေရှင်းနေရတဲ့အခါကျတော့ ဒီအထောက်အထားတွေအတွက် ကုန်ကျစရိတ်၊ လက်ရှိ နေထိုင်ဖို့၊ ကိုယ့်မိသားစုကိစ္စ ဒီဟာတွေကို ဦးစားပေးနေရတဲ့အခါကျတော့ စည်းကမ်းနဲ့ညီလားဆိုတာ ဒါတွေ မကြည့်နိုင်တော့ဘူး။ နံပါတ်တစ် ရတဲ့အလုပ်ကိုလုပ်မယ်၊ လောလောဆယ် ကုန်ကျစရိတ်ကို ဖြေရှင်းဖို့ အတွက်ပေါ့နော် အဲဒီလိုမျိုး လုပ်မယ်ဆိုတဲ့ဟာမျိုးနဲ့ သွားတာ။ အဲဒီအခါကျ အဲဒီဟာတွေကို မကြည့်မိဘူး ပေါ့နော်။ အဲဒီမှာ မလိုလားအပ်တဲ့ဟာတွေ ဖြစ်တာပေါ့ တကယ့်တကယ် ဖမ်းဆီးစစ်ဆေးတဲ့အခါကျတော့” ဟု ပြောသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များ

ထိုင်းနိုင်ငံသားများ အမြင်မကြည်ဖြစ်သည့်အခါတွင် တိုင်ကြားလိုက်ပါက ဖမ်းဆီးစစ်ဆေးခြင်းအား ခံရနိုင် သည့်အတွက်ကြောင့် အမြင်မကြည်ဖြစ်စေနိုင်မည့် ကိစ္စရပ်များအား မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ရှောင်ကြဉ်ကြရန်လည်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရမှု အများအပြားရှိလာသကဲ့သို့ မြန်မာ ရွှေ့ပြောင်းလုပ်သားများ အသတ်ခံရခြင်း၊ မြန်မာပွဲစားအသတ်ခံရခြင်းနှင့် ထိုင်းအလုပ်ရှင်အား မြန်မာ ရွှေ့ပြောင်း လုပ်သားက သတ်သည်ဟု စွပ်စွဲထားခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပွားနေသည်ကို တွေ့ရသည်။

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီး “ထိုင်းနိုင်ငံသားအသတ်ခံရတယ်ပေါ့ လုပ်ငန်းရှင် အသတ်ခံရတယ် ဆိုတဲ့နေရာမှာ မြန်မာတွေကို မကောင်းတဲ့အမြင်နဲ့ ကြည့်မယ်။ ပြီးရင် အထောက်အထားတွေ ဖမ်းတာတွေ၊ စီမံချက်တွေချပြီးတော့မှ ဖမ်းဆီးမျိုးတွေ ဆက်ပြီးတော့မှ လုပ်လာနိုင်စရာ အကြောင်းရှိတယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံထဲမှာလည်း သူတို့ နိုင်ငံရေးကိစ္စတွေရယ် ရှိနေသလို နိုင်ငံခြားသား အလုပ်သမားတွေ ပေါ့။ ယာယီအလုပ်သမား သက်တမ်းတိုးတဲ့ကာလတစ်ခု ဖြစ်နေတာ ဖြစ်တဲ့အတွက် မြန်မာအပါအဝင် တခြား နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုမို ဖမ်းဆီးတာတွေ စစ်ဆေးတာတွေ လုပ်လာနိုင်စရာ အကြောင်း ရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီ လာရောက်အလုပ်လုပ်ကိုင်နေသည့် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများသည် ခေတ်အဆက်ဆက် ခေါင်းပုံဖြတ်ခံရခြင်း၊ အနှိမ်ခံ ရခြင်း၊ မတရားဆက်ဆံခံရခြင်းများမှာ ယနေ့အထိ ကြုံတွေ့နေရဆဲဖြစ်သည်။