CNI International News

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၅

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း နစ်ကီဟာလေ (Nikki Haley)သည် အထက်လူကြီးဟောင်း ဒေါ်နယ်ထရမ့်ကို စိန်ခေါ်ကာ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ပလီကန်သမ္မတလောင်း အဖြစ် ကမ်ပိန်းလုပ်ဆောင်ခြင်းကို အင်္ဂါနေ့တွင် စတင်လိုက်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မျိုးဆက်သစ် ခေါင်းဆောင်ပိုင်းအတွက် အချိန်ဖြစ်သည်ဟု ဟာလေ၏ ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်သော ဗွီဒီယိုဖိုင်တစ်ခုတွင် ဟာလေက ပြောသည်။

လက်ရှိတွင် သူမသည် ထရမ့်နှင့် ရင်ဆိုင်မည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း ဖြစ်သည်။

ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး အဖြစ်သာမက ထရမ့် လက်အောက် ၂၀၁၇ မှ ၂၀၁၈ အထိ ကုလသံအမတ်အဖြစ် ဆောင်ရွက်ခဲ့သော ဟာလေသည် ဗုဒ္ဓဟူးနေ့က တောင်ကယ်ရိုလိုင်းနား၊ ချာလက်စတန် (Charleston, South Carolina) မိန့်ခွန်းတွင် သူမ၏ ရွေးကောက်ပွဲဆိုင်ရာ အစီအစဉ်များကို ချပြမည် ဖြစ်သည်။

 နီကီဟာလေကိုတွေ့ရစဉ်

အိန္ဒိယနွယ်ဖွား ရွှေ့ပြောင်းနေထိုင်သူ၏ သမီးဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဟာလေသည် သူမ၏ သက်တူရွယ် တူများထက်စာလျှင် လူမျိုးရေးနှင့် ကျား/မ အရေးတို့ကို ဖြေရှင်းရန် ပို၍ အရည်အချင်းရှိသော ကွန်ဆာဗေးတစ် တစ်ဦးဆိုသည့် ဂုဏ်သတင်းကို ပါတီတွင်း၌ ရရှိထားသူ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲ မတိုင်ခင် လ ၂၀ ကျော် အလိုတွင် သမ္မတလောင်းအဖြစ် မဲဆွယ် ခြင်းကို စတင်လိုက်ခြင်းကြောင့် သူမသည် လာမည့် အချိန်များ၌ ပါတီတွင်းမှ အာရုံစိုက်မှုကို ရရှိအောင် ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်သည်။

တစ်ဖက်တွင်လည်း သူမသည် ထရမ့်အတွက် စကားစစ်ထိုးစရာ ဦးဆုံးပစ်မှတ်လည်း ဖြစ်လာမည်။

“ကျမ အကြောင်းကို သိသင့်သည်။ ကျမသည် အနိုင်ကျင့်မှုများကို သည်းခံသူ မဟုတ်ကြောင်း၊ နောက်ပြန်ကန် မည်ဆိုလျှင် ဒေါက်ဖိနပ်စီးထားခြင်းက တစ်ဖက်လူကို ပို၍ နာကျင်စေမည်ဖြစ်ကြောင်း” ဟာလေက သူမ၏ ဗွီဒီယိုတွင် ပြောခဲ့သည်။

 နီကီဟာလေနဲ့ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

အင်္ဂါနေ့တွင် ထုတ်ပြန်သော Reuters/Ipsos စစ်တမ်းကောက်ယူမှုတွင် ဟာလေသည် စစ်တမ်းတွင် ပါဝင်သော ရီပတ်ပလီကန်များ၏ ၄ ရာခိုင်နှုန်းသော ထောက်ခံမှုကိုသာ ရရှိထားသည်။

ယင်းက သမ္မတဟောင်း ထရမ့်၏ ၄၃ ရာခိုင်နှုန်း၊ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖွယ်ရှိသည့် ဖလော်ရီဒါ အုပ်ချုပ် ရေးမှူး ရွန်ဒီဆန်းတစ် (Ron DeSantis) ၏ ၃၁ ရာခိုင်နှုန်းတို့ထက် များစွာ နည်းပါးနေသည်။

ရီပတ်ပလီကန်အတွက် သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိသူများ စာရင်းတွင် ဒုသမ္မတဟောင်း မိုက်ပန့်စ် (Mike Pence)၊ တောင်ကယ်ရိုလိုင်းနား၏ လွှတ်တော်အမတ် တင်စကော့ (Tim Scott)၊ နယူးဟမ်ရှိုင်း ယား အုပ်ချုပ်ရေးမှူး ခရစ်ဆူနူနူ (Chris Sununu) နှင့် အလက်စကာ အုပ်ချုပ်ရေးမှူးဟောင်း အက်ဆာဟက် ချင်ဆန် (Asa Hutchinson) တို့လည်း ပါဝင်နေသည်။

Source: Reuters