CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်မှာ ပြည်သူလူထုအတွက် အန္တရာယ်ကြီးသည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

နစက လက်အောက်ရှိ ပြည်သူ့စစ်၊ ဗျူစောထီးတို့ကို တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဒေါက်တာလှကျော်ဇောက “သူက ပြည်သူ့စစ်တို့၊ ဗျူစောထီးတို့ နောက်ပြီးတော့ တခြားဟာတွေက လက်ကိုင်တုတ် ခိုင်းစေတာတွေ ဘာတွေ လုပ်နိုင်ခဲ့တယ်၊ ပြည်သူလူထုကိုလေ၊ စစ်သား မဟုတ်ဘဲနဲ့ တခြား ဒုစရိုက်ဂိုဏ်း တွေ၊ ဘာတွေ အဲဒါတွေကို တရားဝင် ဘယ်လိုခေါ်မလဲ လက်နက်တပ်ဆင်ဖို့၊ ပြည်သူလူထုကိုလည်း ခြိမ်းခြောက် လိုက်တာပေါ့ဗျာ၊ တော်တော်တော့ မကောင်းတဲ့ ကိစ္စတွေပဲ၊ ပြည်သူလူထုအတွက် တော်တော် အန္တရာယ်ကြီး တယ်လေနော်။ သူတို့က ပြည်သူလူထုအတွက် မစဉ်းစားဘူး။ သူတို့ရဲ့ အာဏာထိပါးလာတဲ့ အခါကြတော့ သူတို့ အာဏာကာကွယ်ဖို့ ဘာမဆို လုပ်မယ်ဆိုတာကို ပြသွားလိုက်တဲ့ လုပ်ရပ်ပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်နက် ကိုင်ဆောင်ခွင့်ဉပဒေထုတ်ပြန်ခဲ့စဉ်

လက်နက်ကိုင်ဆောင်ရန် လိုင်စင်များ ထုတ်ပေးခြင်း၊ ပါမစ်များ ထုတ်ပေးခြင်း၊ နိုင်ငံတော်ပိုင် လက်နက် ငှားရမ်း ခြင်းတို့နှင့် ပတ်သက်၍ တည်ဆဲလက်နက်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူကို နစက၏ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သေနတ် ကိုင်ဆောင်ခွင့် လျှောက်ထားသူများ အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိသူဖြစ်ရန်၊ လုံခြုံရေးအတွက် အမှန်တကယ် လိုအပ်သူဖြစ်ရန် လိုသည်ဟု ပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ခုခံကာကွယ်ပိုင်ခွင့်အတွက် အဆိုပါ ဥပဒေလိုအပ်ကြောင်း၊ ယခင်ကလည်း ပြဋ္ဌာန်း ခဲ့ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်က ပခုက္ကူမြို့နယ် ပညာရေးမှူး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရပြီး သေဆုံးနေမှုအားတွေ့ရစဉ်

၎င်းက “အဲဒီနေရာမှာ ခုခံကာကွယ်ဖို့ အတွက်ကို သူတို့က မြန်မာနိုင်ငံမှာ လက်နက်ဥပဒေကလည်း ရှိတယ်လေ၊ ရှိတဲ့အခါကြတော့ ဓါးမြောင်တောင်မှ အသွားကြီးရင် ကျနော်တို့က ကိုင်လို့ မရဘူး။ ဒီဥပဒေ ထုတ်ပြန်ပေးလိုက် တဲ့ အတွက်ကြောင့်မို့ လက်နက်ကို ဝယ်မယ် ဘယ်လိုဖြစ်ဖြစ် ကိုင်ခွင့်တာပေးဆိုတာ ဖြစ်နေကြတာ၊ ကိုယ့်ကိုယ် ကို ခုခံကာကွယ်ဖို့ပေါ့နော်၊ အခုကြတော့ လုံးဝလက်နက် မရှိတဲ့အခါကြတော့ ဟိုကောင်တွေ လုပ်ချင်သလို လုပ် လို့ရတဲ့ အနေအထားပေါ့နော်၊ အခုကြတော့ လက်နက်ရှိသွားပြီ ဆိုတဲ့အခါကြတော့ ဘာပဲပြောပြောလေ ဘယ်သူ မဆို ကိုယ်သွားပြီး သတ်မယ့်ကောင်က ခုခံကာကွယ်ဖို့ လက်နက်ရှိနေတယ်ဆိုရင် တွန့်တာပေါ့နော်၊ အဲဒီတော့ ဒါကတော့ ကျနော်တို့ကတော့ ကြိုဆိုတယ်၊ ဒီလိုလည်း ဖြစ်သင့်တယ်၊ နောက်တစ်ခုက ဒါက ကျနော်တို့အတွက် ဘာမှဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ၁၉၈၈ မတိုင်မီတုန်းက လိုင်စင်သေနတ် ခွင့်ပြုထားတာပဲလေ” ဟု ပြောသည်။

အဆိုပါ လက်နက် ကိုင်ဆောင်ခွင့် ဥပဒေကြောင့် တရားဥပဒေစိုးမိုးရေး ပိုကောင်းလာမှာဖြစ်သလို ပြည်သူများ အနေဖြင့်လည်း ခုခံကာကွယ်ပိုင်ခွင့် ရသွားသည်ဟု မြင်မိကြောင်း ဒေါက်တာအောင်မျိုးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး နေအိမ်နှင့်အဆောက်အဦများ မီးရှို့ဖျက်ဆီးမှုများ၊ ပစ်သတ်ခံရမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ နိုင်ငံအနှံ့ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိနေသည်။