CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

နစကသည် ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသော်လည်း တခြားတစ်ဖက်မှာတော့ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ကြိုးပမ်းလျက်ရှိခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း၊ မကျင်းပနိုင်ခြင်း ၏ အကျိုးဆက်များအပေါ် ဆွေးနွေးငြင်းခုံလျက်ရှိနေသည်။

နစက-ကတော့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး နစက ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ယာယီသမ္မတ ဒူဝါလရှီးလက နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားထားသည်။

ရွေးကောက်ပွဲ ကျင်းပဖြစ်သော်လည်း အလားအလာကောင်းမှာ မဟုတ်သလို၊ မကျင်းပဖြစ်ပါက ပိုဆိုးသွားနိုင် ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲ ထည့်နေစဉ် (AP)

ဗိုလ်မှူးကြီးခွန်ဥက္ကာ “တစ်ခုမှတော့ ကောင်းတာတော့ မရှိပါဘူး၊ ကျင်းပဖြစ်လည်း သိပ်မကောင်းဘူး။ မကျင်းပ ဖြစ်ရင်တော့ ပိုဆိုးမယ်၊ ကျနော်တို့ အင်္ဂလိပ်သီအိုရီမှာ လက်တားဒီးပဲ ဒီသီအိုရီဆိုတာရှိတာကို ဒီနှစ်ခု မကျင်းပ ဖြစ်ဘူးဆိုရင်လည်းပဲ ပိုပြီးတော့ ဥပဒေမဲ့လုပ်ငန်းတွေ ပေါ်လာမှာပေါ့၊ လုပ်ရပ်တွေ ပေါ်လာနိုင်တယ်၊ ကျင်းပဖြစ် ရင်လည်း ပဋိပက္ခတွေကို ကျော်ဖြတ်ပြီးမှ ကျင်းပမယ်ဆိုတော့ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေက အများကြီး ဖြစ်နိုင် တာပေါ့။ အဲဒီလိုတော့ တွေ့ရပါတယ်” ဟု ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ မျှတမှုရှိမှာ မဟုတ်ကြောင်း၊ ပြည်သူအများစုက ယုံကြည်မှု မရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ လွေးချှီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

လွေးချှီဆငါး “ဒီအပေါ်မှာလည်း ယုံကြည်မှုက မရှိတော့ဘူး။ လုပ်ခဲ့မယ်ဆိုရင်တောင်မှ တကယ်လို့များ ဒါကတော့ လုံးဝမျှတမှု ရှိမှာမဟုတ်ဘူး။ ပြည်သူလူထု အများစုကလည်း အဲဒီအပေါ်မှာ ထောက်ခံအားပေးမယ်လို့လည်း မရှိ ဘူးလို့တော့ မြင်တာပေါ့နော်၊ လုံးဝကို မသိနားမလည်တဲ့ လူထုတွေလောက်ပဲ ဝင်ရောက်ပြီး မဲထည့်တဲ့ ပုံစံမျိုးက ရှိနိုင်တယ်၊ ဒါပေမယ့် အများစုကတော့ ဝင်ရောက်ပြီးတော့ ထောက်ခံမဲ ဝင်ပေးမယ်ဆိုတဲ့ ပုံစံမျိုး မရှိလောက်ဘူး လို့ မြင်တာပေါ့နော်၊ ဒါကတော့ တကယ်လို့ ရွေးကောက်ပွဲ လုပ်ခဲ့မယ်ဆိုရင်တော့ ခုနပြောသလိုမျိုး မျှတမှုတော့ ရှိမှာ မဟုတ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဖြစ်မဖြစ်ဆိုတာတော့ ဒါကလည်း သေချာတော့ ကျမတို့လည်း မပြောတတ်ဘူး၊ သူတို့အပေါ်မှာလည်း အများကြီး မူတည်တယ်၊ သူတို့လုပ်ချင်လည်း လုပ်သွားမယ်၊ မလုပ်ချင်လည်း မလုပ်သွား ဘူးဆိုတဲ့ ပုံစံမျိုးတွေတော့ သုံးသပ်မိတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲ ထည့်နေစဉ် (AFP)

၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက စစ်အုပ်ချုပ်ရေးအတိုင်း သွားရတော့မည့် အနေအထား ရောက် သွားမည်ဖြစ်ကြောင်း တအာင်းအအမျိုးသားပါတီ (TNP) မှ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
မိုင်းအုဏ်းခိုင် “လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် အများကြီးတော့ အခက်အခဲ အကျပ်အတည်းတွေ အများကြီး တွေ့ကြုံသွားနိုင်တယ်လို့ ကျနော်တို့တော့ ဒီလိုတော့ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် လက်ရှိ နစက ကပဲ ဆက်ပြီးတော့ စစ်အုပ်ချုပ်ရေးနဲ့ပဲ ပြန်သွားရမယ့် အနေအထား ရောက်သွားမှာပေါ့။ ကျနော်တို့ ဒီလိုပဲ မြင်တယ်လေ။ အဲဒါကတော့ မှန်းဆလို့တော့ ခက်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဖြစ်၏၊ မဖြစ်၏ အပေါ်မှာလည်း မူတည်လေနော်၊ တကယ်လို့ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒါလောလောဆယ် အနေအထား ကျနော်တို့ မြင်တာ စစ်အုပ်ချုပ်ရေးအတိုင်း ပြန်သွားရမယ့် အနေအထား ရောက်သွားမှာပေါ့၊ ပြောရမယ့် အနေအထားက စောပါဦးမယ်လို့ မြင်ပါတယ်၊ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ဖြစ်၏၊ မဖြစ်၏ဆိုတာ ကျနော်တို့ ကံသေကံမ မပြောနိုင်သေးလို့ပါ” ဟု ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က နစက ကျင်းပမည့် ရွေးကောက်ပွဲလည်း မကျင်းပဖြစ် မြန်မာ့တပ်မတော်ကို လည်း မဖြုတ်ချနိုင်ခဲ့ဘူးဆိုလျှင် အလုံးစုံ အာဏာသိမ်းမှု လမ်းကြောင်းပေါ် ရောက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပေါ်လာပါက မည်မျှကာလကြာမည် မသိသော နဝတ၊ နအဖ လက်ထက် စစ်အုပ်ချုပ်ရေးပုံစံ အခြေအနေကို ရောက်ရှိသွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ ပျက်ပြယ်သွားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေပါ ပြဋ္ဌာန်းချက်များအရ အာမခံပေးထားသည့် (ဉပမာ- ပုဒ်မ ၃၆ (ဃ)စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုရ၊ (င) တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုရ)အချက်များ အပါအဝင် နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့် အခွင့်အရေးများလည်း အာမခံချက်မရှိဘဲ ဖြစ်သွားနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတချို့က ထောက်ပြလျက်ရှိနေသည်။

ကြိုတင်မဲထည့်ထားသော မဲပုံးကို သယ်ယူရန် ပြင်ဆင်နေကြ(AP)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်အေးလွင်က “ကျနော်တို့ ဒီမိုကရေစီစနစ်ကို ထူထောင်မယ်ဆိုရင်တော့ ရွေးကောက်ပွဲတစ်ခုကတော့ မဖြစ်မနေ လိုအပ်တာပေါ့ဗျာ၊ ပြည်သူလူထုကနေပြီးတော့ အားလုံးကနေပြီးတော့ ရွေးချယ်တဲ့၊ စစ်မှန်တဲ့ ရွေးကောက်ပွဲဆိုတာတော့ တိုင်းပြည် တစ်ပြည်မှာ ရှိကိုရှိရမယ်၊ သို့သော်လည်း ပြည်သူလူထုကို လက်နက်အားကိုး မတရားဖိနှိပ်၊ ရက်စက် အုပ်ချုပ်ပြီး တော့ အာဏာသိမ်းထားတဲ့ သူတွေက အာဏာလိုချင်တဲ့ ရွေးကောက်ပွဲမျိုးကတော့ ဘယ်လိုမှ ကျနော်တို့ ပြည်သူ လူထု လိုချင်တဲ့ စနစ်နဲ့ ကိုက်ညီတဲ့အရာတွေ ဖြစ်ထွန်းလာမှာ မဟုတ်ဘူးလို့ ကျနော်အဲဒီလိုပဲ မြင်ပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် လက်နက်ကိုင် နွေဦးတော်လှန်ရေးကို NUG နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့က ဖော်ဆောင် ကာ မြန်မာ့တပ်မတော်အား ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသလို နစက ကျင်းပမည့် ရွေး ကောက်ပွဲကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းလျက်ရှိသည်။

သို့သော် နစကဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ်ကြောင်း၊ အနိုင် ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည်မဟုတ်သလို ပြဿနာကို ပိုမိုကြာရှည်သွားစေနိုင် ကြောင်း၊ နစက၏ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး အန်တိုနီဘလင်ကင်က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။