CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

နစက၏ အကြံအစည်းများကို ဖွင့်ချဖော်ထုတ်ပြီး ၎င်းတို့၏ ထွက်ပေါက်မှန်သမျှကို အခိုင်အမာ ပိတ်ဆို့သွားကြရန် အဖွဲ့အစည်း ၃၃ ဖွဲ့က ပူးပေါင်း၍ ယနေ့ (ဇွန်လ ၁၃ ရက်)ထုတ်ပြန် ခဲ့သည်။

ယနေ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေး တိုက်ပွဲဝင် အင်အားစု အသီးသီး၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဖွဲ့အစည်း ၃၃ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်က “၂၀၂၃ ရွေးကောက်ပွဲသည် စစ်ကောင်စီအဖို့ အထက်ပါ ရည်မှန်းချက် ၃ ရပ်လုံးမှ ရှောင်ထွက်ရန်အတွက် ထွက်ပေါက်ဖြစ်သည်။ ဒီမိုကရေစီ၏ အရွေ့လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်ပြောင်းခြင်းမျှသာဖြစ်သည်”ဟု ပြောသည်။

ထို့နောက် ၂၀၂၃ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပရမည်ပြီး ထိုရွေးကောက်ပွဲကို အသိ အမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမို ခိုင်မြဲသွားစေ မည်ဟု အထက်ပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းေးအာင်လှိုင်က တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း၊ ရွေး ကောက်ပွဲ မကျင်းပနိုင်ပါက ထိုဒေသရှိ ပြည်သူလူထုများ အခွင့်အရေးဆုံးရှုံးနိုင်ကြောင်း၊ လက်ရှိ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို နည်းလမ်းမှန်မှန်ကန်ကန်ဖြင့် တည်ဆောက်ရန် လိုအပ်ကြောင်း ပြော ထားသည်။

အဖွဲ့အစည်း ၃၃ ဖွဲ့ပူးတွဲထုတ်ပြန်ချက်တွင် “၎င်းတို့ စီစဉ်ထားသည့်အတိုင်း ဖြစ်လာပါက စစ်အုပ်စုအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စသည့် အဖက်ဖက်တွင် အရူးမီးဝိုင်းဖြစ်နေသည့် အခြေအနေမှ တစ်စုံတစ်ရာ ဟန်ထုတ်ပြောပြ၍ ရခိုင်သည့် အနေအထားအသစ်ကို ရရှိသွားမည်”ဟု ပြောသည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးအောင်ပွဲကို လူထုအားဖြင့်သာ၊ လူထု၏ နည်းသဏ္ဍာန်ပေါင်းစုံသော တိုက်ပွဲများဖြင့်သာ အရယူနိုင်မည်ဖြစ်သည်ဟု မိမိတို့ အနေဖြင့် အလေးအနက် ယုံကြည်ကြောင်း၊ သို့ဖြစ်ပါ၍ တော်လှန်ရေးအင်အားစု အသီးသီးက နစက၏ အကြံအစည်းများကို ဖွင့်ချဖော်ထုတ်ပြီး ၎င်းတို့၏ ထွက်ပေါက်မှန်သမျှကို အခိုင်အမာ ပိတ်ဆို့ သွားကြရန် အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်နေစဉ်

စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၁ ရက်က ကျင်းပသည့် လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၏ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် မစ္စပွန်ပီမောကန်ချာနာလက်က နိုင်ငံတကာ အသိုက် အဝန်းသည် ရွေးကောက်ပွဲ ကျင်းပမည်ဟုဆိုသည့် မြန်မာ့တပ်မတော်၏ ကတိကဝတ်များကို အလေးထား နားထောင်ရ မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကလည်း မြန်မာ့တပ်မတော်၏ ရွေးကောက်ပွဲ သည် အရပ်သား အုပ်ချုပ်ရေးသို့ မှန်မှန်ကန်ကန် ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် အများပြည်သူများ၏ သဘော ဆန္ဒကို လေးစားကြောင်း မြန်မာနိုင်ငံသားများအနေဖြင့် ယုံကြည်ခြင်း မရှိခဲ့လျှင် ထိုအချက်သည် ပိုမိုကြီးမားသော အကြမ်းဖက်မှုအတွက် အစပျိုးရာ ရောက်လာနိုင်ကြောင်း ဇွန်လ ၁၁ ရက် မှတ်ချက်ပြုခဲ့သည်။

နစက၏ ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန်နှင့် ထွက်ပေါက်များကို ပိတ်ဆို့ရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB၊ စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေး အထွေထွေသပိတ်တပ်ပေါင်းစု(GSC)၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ(GSCN)၊ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု(GSCB) စသည့် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း ၃၃ ဖွဲ့က တိုက်တွန်းထားသည်။