CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သံသယရှိသူ ရခိုင် ၉ ဦးအပါအဝင် မြန်မာအလုပ်သမား ၃၀၀ ကျော်အတွက် အကူအညီများလိုအပ်နေကြောင်း လိုက်ပါကူညီပေးနေသည့် သူများထံက သိရသည်။

အဆိုပါ မြန်မာ ၃၀၀ ကျော်အား နေရာ ၇ နေရာတွင် ဖမ်းဆီးထားကာ ထမင်းနှင့်ဟင်းအပါအဝင် ဆေးဝါး၊ အဝတ် အထည်၊ ရေသန့် စသည်တို့အား နေ့စဉ် ပေးပို့နေရခြင်းဖြစ်ပြီး တစ်ရက်လျှင် ပျမ်းမျှ ဘတ်ငွေ တစ်သောင်းမှ နှစ်သောင်း (မြန်မာငွေ ၁၀ သိန်း) နီးပါးခန့် ကုန်ကျကြောင်း MWRN မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်း က CNI သတင်းဌာနသို့ ပြောသည်။

“သက်ဆိုင်ရာဌာန ရဲစခန်းအသီးသီးကနေပြီးတော့ ထမင်း‌မ‌ကျွေးတာ မဟုတ်ဘူး ကျွေးတယ်။ ဒါပေမယ့် သူတို့ ကျွေးတဲ့ ထမင်းက ထမင်းဘူးက သေးသေးလေး၊ ကျနော်တို့ ယူလာတာက ထမင်းဘူးက အကြီးကြီး။ နောက်ပြီး တော့ ကိုယ်ကိုယ်တိုင်ချက်ပြုတ်တာဆိုတော့လေ အပြည့်ထည့်တာပေါ့။ သူတို့မှာက ထမင်းဘူးက သေးသေးလေး ဆိုတော့ ထမင်းက နည်းနည်းလောက်ပဲပါတယ်။ နောက်ပြီး ဟင်းက နည်းနည်းလောက်ပဲ။ အဲဒါဆိုတော့ ကျနော်တို့လူမျိုးတွေက မလောက်ဘူး။ တစ်နေရာတည်း မဟုတ်ဘူးလေ။ နေရာက ၇ နေရာ ဖြစ်သွားတယ် ဆိုတော့လေ။ ထမင်းကျွေးတဲ့အဖွဲ့က ၄ဖွဲ့လောက် ခွဲပြီးတော့ ရက်သတ်မှတ်ပြီးတော့ ကျွေးနေတယ်။ တစ်ရက်မှာ တစ်ကြိမ်လောက်ပဲကျွေးဖြစ်တယ်။ မနက်ဖြန်ကျွေးမယ်ဆိုရင် အလှူငွေတွေက မရောက်သေးဘူးပေါ့လေ။ အလှူငွေက မရောက်သေးဘူးဆိုရင် ရင်းနှီးတဲ့ဆိုင်တွေကနေပြီး စားသောက်ဖွယ်ရာတွေကို အကြွေးယူတာမျိုး ပေါ့။ အလှူအတန်းတွေ ရောက်တဲ့အခါကျမှ ကျနော်တို့ ပြန်ပြီးတော့ ဆပ်ရတာပေါ့။ အဲဒါမျိုးတွေ ကြုံနေရတယ်။ ဒါပေမယ့် ရေရှည်အတွက်တော့ မပြောတတ်ဘူး။ အလှူရှင်တွေပေါ်မှာလည်း မူတည်ပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အချုပ်ခန်းမြင်ကွင်း

ထိုင်း-မလေးရှားနယ်စပ်၊ ထိုင်းဘက်အပိုင် တောထဲတွင် ထိုင်းနိုင်ငံသား အလုပ်သမားတစ်ဦး၏ အလောင်းကို မေလ ၃၁ ရက်က တွေ့ရှိခဲ့သဖြင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ခိုးဝင်မည့် မြန်မာ ၃၀၀ ကျော်သည် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

ကိုသိန်းထွန်းက “နယ်စပ်ရေးရာလုံခြုံရေး တပ်စခန်းကို ပို့ထားတဲ့ ၂၀၀ ကျော်ထဲက လူပေါင်း ၆၀၊ ၆၁ ယောက်ကို ဒီ ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ တရားမဝင်ရွှေ့ပြောင်းတွေကို အကုန်လုံးကို ပြစ်ဒဏ်ကျခံပြီးတော့ မြန်မာ ပြည်ပြန်ပို့မယ်ဆိုရင် မြန်မာနိုင်ငံ လ.ဝ.ကနဲ့ ချိတ်ဆက်ပြီးတော့ ဥပမာ မြဝတီလမ်းက ပို့မယ်။ ကော့သောင်းလမ်း၊ ရနောင်းလမ်းက ပို့မယ်ဆိုရင် အဲဒီလိုမျိုး ချိတ်ဆက်ပြီးလုပ်တယ်။ အကုန်လုံး ဖမ်းဆီးရမိပြီး ပြစ်ဒဏ်က ကင်းလွတ်ပြီဆိုရင် အဲဒီတပ်စခန်းကို ပို့ရတယ်။ အဲဒီလုံခြုံရေးတပ်စခန်းကနေပြီး လူပေါင်း ၆၀ ပို့တဲ့အထဲမှာ အခုက လူ ၄၀ လောက်ကို မြဝတီဘက်ကို ပို့လိုက်ပြီလို့ ကြားတယ်။ ဒါပေမယ့် မြဝတီကို ရောက်မရောက်တော့ မသိရသေးဘူး” ဟု ပြောသည်။

အချုပ်ခန်းထဲရှိ မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

အဆိုပါဖမ်းဆီးခံထားရသည့် မြန်မာ အလုပ်သမား ၃၀၀ ကျော်ထဲကမှ သံသယဖြစ်သူ ရခိုင် ၉ ဦးအား ထိုင်း သက်ဆိုင်ရာ အာဏာပိုင်များက ၂ ကြိမ်စစ်ဆေးပြီးဖြစ်ကြောင်းနှင့် ထို ၂ ကြိမ်စလုံးတွင် ၎င်းတို့သည် အပြစ်မရှိကြောင်း၊ ၎င်းထိုင်းနိုင်ငံသား သေဆုံးမှုနှင့် မသက်ဆိုင်ကြောင်းသာ ပြောကြားသည်ဟု သိရသည်။

သံသယဖြစ်ခံရသူ ရခိုင် ၉ ဦးကို ထိုင်းနိုင်ငံသားသေဆုံးသည့်အမှုနှင့် လုံးဝမသက်ဆိုင်ကြောင်း စစ်ဆေးတွေ့ရှိမှ သာလျှင် နေရပ်ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ ၃၀၀ ကျော်သည် မလေးရှားသို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်ရန်အတွက် ပွဲစားများအား တစ်ဦးလျှင် မြန်မာကျပ်ငွေ ၂၆ သိန်းမှ သိန်း ၃၀ အထိ ပေးခဲ့ကြရခြင်း ဖြစ်သည်။