CNI News

၂၀၂၂ခုနှစ်၊ မတ် ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျူးကျော်နေအိမ်များ ဖယ်ရှားခံရစဉ် လူသားချင်းစာနာထောက်ထားမှုများ ဆောင်ရွက်ပေး ရန်တောင်းဆိုမှုများ ရှိနေသည့်အပေါ် နိုင်ငံကမချမ်းသာဘူးဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက တုံ့ပြန်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက ကျူးကျော်နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် အလုပ်သမားများ ပူးပေါင်း၍ ဖယ်ရှားခဲ့ကြကြောင်း၊ ထိုသို့ ဖယ်ရှားခံရခြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ကျူးကျော် များအား လူသားချင်း စာနာမှုများ ဆောင်ရွက်ပေးရန် ပြည်နယ်ကောင်စီသို့ တိုက်တွန်းမှုများရှိနေသည်။

စစ်တွေမြို့က ဖယ်ရှားခံရသည့် ကျူးကျော်များကို ALP က သောက်သုံးရေများလှူဒါန်းစဉ်

ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက“ကျူးတယ်ဆိုကတည်းက ဥပဒေနဲ့မညီပဲနဲ့ ကျူးကြတာလေ။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်ရောင်းစားတယ်၊ အကွက်ရိုက်တယ် လုပ်ကြတယ်။ လုပ်ချင်သလို လုပ်နေကြတာ။ ပြောမယ်ဆိုလို့ရှိရင် အဲ့ကျူး တွေက အိမ်ထောင်စု စာရင်းမရှိဘူး။ ဟိုမရှိ ဒီမရှိနဲ့။ မြို့ထဲမှာ လုံလုံခြုံခြုံနေတဲ့ သူတွေအတွက် အန္တရာယ်ရှိတယ်ပေါ့။ အဲဒါ ကြောင့် ရှင်းပေးပါလို့ တောင်းဆိုလို့ အစိုးရက အဲဒီကျူးတွေကို ရှင်းတာ။ ကျူးကျော်ကို ရှင်းရင် သူတို့အတွက် လုပ်ပေးရမယ် ဆိုတော့ ကိုယ့်နိုင်ငံက ဒီလောက် ချမ်းသာတာ မဟုတ်ဘူးလေ”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နှင့် ၁၀ ရက်က စစ်တွေမြို့ရှိ စစ်တွေမီးရထားဘူတာနှင့် စစ်တွေတက္ကသိုလ်ဘူတာကြားမှ ကျူး ကျော် နေအိမ်များ အပါအဝင် အာဂျိတ်တော်ကုန်း သုသာန်မြေမှ ကျူးကျော်နေအိမ်များအား ပြည်နယ်ကောင်စီမှ ဖယ်ရှားခဲ့ ခြင်းဖြစ်သည်။

ထိုသို့ ကျူးကျော်များအား ဖယ်ရှားလိုက်သဖြင့် နောက်ထပ် ကျူးကျော်မည့်သူများ အနေဖြင့်လည်း မကျူးကျော်ရဲတော့ ကြောင်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

စစ်တွေမြို့က ကျူးကျော်တဲများ ဖယ်ရှားနေစဉ်

၎င်းက “ကျူးတယ် အကွက်ကလေးကို နှစ်ဆယ်တန်တန်၊ သုံးဆယ်တန်တန် ရောင်းလိုက်တယ်။ နောက်တစ်နေရာမှာ နောက်ထပ်ကျူးတယ်။ ကျူးလည်းကျူး ကြာလာတဲ့အခါကျတော့ အဆောက်အဦးတွေ ခိုင်မာလာတော့ ဖြိုမရဖျက်မရတွေ အဲဒီလိုမျိုးလေးတွေ ရှိတာပေါ့။ အခုဟာလေးတွေက တဲအိမ်လေးတွေဆို‌တော့ ရှင်းနိုင်တုန်း ရှင်းထားတာပေ့ါ”ဟု ပြောသည်။

စစ်တွေ အာဂျိတ်တော်ကုန်း သုသာန်မြေမှ ဖယ်ရှားခံလိုက်ရသည့် အိမ်ထောင်စု ၈၄ စုရှိပြီး လူဦးရေ ၃၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ၎င်းတို့အတွက် သောက်သုံးရေ လုံလောက်မှု မရှိကြောင်း၊ နေအိမ်ဖယ်ရှား ခံလိုက်ရသည့်အတွက် ၎င်းတို့ လက်ရှိ တဲထိုးပြီး နေနေသည့် နေရာမှာ မိုးရာသီရောက်ပါက ရေကြီးနိုင်ကြောင်း သိရသည်။