CNI International News

ဘေဂျင်း၊ မတ်လ ၂၁

ခရီးသည် ၁၃၃ ဦး စီးနင်းလိုက်ပါလာသည့် China Eastern လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းတွင် မတ်လ ၂၁ ရက် (ယနေ့) ပျက်ကျသွားခဲ့ကြောင်း အစိုးရရုပ်သံလိုင်း CCTV က ထုတ်လွှင့်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားက ဖော်ပြသည်။
အဆိုပါ လေယာဉ်ပျက်ကျသည့် ဖြစ်စဉ်မှာ သေဆုံး၊ ဒဏ်ရာရသူများ အခြေအနေ လတ်တလော မသိရသေးပေ။

Boeing 737 အမျိုးအစားဖြစ်သည့် အဆိုပါလေယာဉ်သည် ဂွမ်ရှီဒေသ၊ ဝူကျို့မြို့အနီး ကျေးလက်တစ်နေရာတွင် ပျက်ကျခဲ့ ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှုကနေ တောမီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း CCTV က ဆက်လက် ထုတ်လွှင့်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာသို့ စေလွှတ်ထားသည်။

အဆိုပါလေယာဉ် ပျက်ကျရသည့် အကြောင်းရင်း အသေးစိတ်ကို လတ်တလော သတင်းမထုတ် ပြန်သေးပေ။

China Eastern Airlines လေကြောင်းလိုင်းကို တွေ့ရစဉ်(GETTY IMAGES)


China Eastern လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် MU5735 လေယာဉ်သည် မတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ(ဂရင်းနစ်စံတော်ချိန် နံနက် ၅ နာရီ) ကူမင်းမြို့မှ စတင်ပျံသန်းလာခဲ့ရာ ကွမ်ကျိုးဒေသရှိ ဦးတည်ရာလေဆိပ်သို့ သတ်မှတ် အချိန်အတိုင်း မရောက်လာခဲ့ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။

ပျံသန်းမှုကို ခြေရာခံ ထောက်လှမ်းကြည့်ရာ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်တွင် လေယာဉ်သည် အမြင့်ပေ ၃၂၂၅ ပေတွင် ပျံသန်းနေခဲ့ ခြင်း ဖြစ်သည်။ မူလ စီစဉ်ထားသည့် အတိုင်းဆိုလျှင် အဆိုပါ လေယာဉ်မှာ ညနေ ၃ နာရီ ၅ မိနစ်တွင် ဝေဟင်မှ မြေပြင်သို့ ပြန်လည် ဆင်းသက်၍ ဦးတည်ရာလေဆိပ်၌ ဆိုက်ရောက်ရန် ဖြစ်သည်။

China Eastern သည် တရုတ်၏ အဓိကလေကြောင်းလိုင်း ၃ လိုင်းအနက်မှ တစ်လိုင်းဖြစ်ပြီး ဘေးကင်းစိတ်ချရမှု မှတ်တမ်း တွင် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းများ စာရင်းထဲ ဝင်ခဲ့သည်။

အင်ဂျင်နှစ်လုံးတပ် Boeing 737 သည် တာတိုနှင့် အလယ်အလတ် အကွာအဝေး ပျံသန်းမှုများအတွက် ကမ္ဘာပေါ်တွင် လူကြိုက် အများဆုံး လေယာဉ်အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။

Source: CCTV, Aljazeera