CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၄

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နေအိမ်ဖယ်ရှားခံရသည့် ကျူးကျော်များအား ပုဏ္ဏားကျွန်းရှိ ဘုန်းကြီးကျောင်းပိုင်မြေ တွင် အစက ထားရှိရန်စီစဉ်ထားသော်လည်း ယခုအခါ အခြားမြေနေရာတွင်သာ ထားရှိတော့မည်ဖြစ်ကြောင်း ရိုက်ဒါဖောင်ဒေးရှင်းမှ ကိုရိုက်ဒါက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါကျူးကျော်များအား ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီးတွင်ထားရှိမည်ဖြစ်ကာ ယာယီ ၆ လခန့် နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကိုရိုက်ဒါက ပြောသည်။

ကိုရိုက်ဒါက “ပထမက ကျနော်နေရာတစ်ခုလုပ်ထားတာက ဘုန်းကြီးကျောင်းပိုင်မြေပေါ့နော်။ ဘုန်းကြီးကျောင်း ပိုင်မြေကျတော့ ဘုန်းကြီးနဲ့ ဒီ မနက်(မတ်လ ၂၃) ကပဲ သွားပြီးဆွေးနွေးတာပေါ့။ ဒါပေမယ့်အဆင်မပြေဘူး။ ဘုန်း ကြီးမှာလည်းသွားလိုက်လာလိုက်ဖြစ်တဲ့အခါကျတော့ အဲဒီမှာ ကျနော့်မိတ်ဆွေတစ်ယောက်က ချပေးတာ အဲဒီ နေရာကို။ အဲဒီဘုန်းကြီးကျောင်းနားမှာပဲ သိပ်မဝေးဘူး။ ၆လလောက်ဆိုရင် သူတို့က ရုန်းကန်လို့ရလောက်ပြီ ထင်တယ်။ အဲ့မှာတောင်ရှိတယ်၊ အဲဒီတောင်မှာ မြေကွက်တွေလွတ်နေတဲ့နေရာလေးတွေရှိတယ်။ အဲဒီမှာ လော လောဆယ် စိုက်ပြီးတော့ လုပ်စားကြပေါ့။ ငါးရှာမယ့်သူကလည်း ငါးရှာပေါ့။ အဲဒီမှာချောင်းနဲ့လည်း နီးတယ် ဆိုတဲ့ အခါကျတော့လေ။ သူ့ဟာနဲ့သူပေါ့ အဲဒီလိုနေရာလေးတစ်ခု အပူသောကမရှိပဲနဲ့ ချပေးလိုက်မယ်ဆိုရင် သင်္ချိုင်း ကုန်းမှာနေတာထက်စာရင် အများကြီး သူတို့အတွက် သက်သာရရသွားမယ်လို့ထင်ပါတယ်” ဟု ပြောသည်။

၎င်းတို့အား ထားရှိမည့် မြေနေရာအကျယ်အဝန်းမှာ ၁ ဧကခွဲခန့်ရှိကာ ယာယီနေထိုင်ရေးအပြင် စားဝတ်နေရေး နှင့် ကလေးများအတွက် အတန်းပညာသင်ကြားပေးနိုင်ရေးကိုပါ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကိုရိုက်ဒါက ပြောသည်။

လက်ရှိတွင် ၎င်းတို့ နေထိုင်နိုင်ရန်အတွက် ဆောက်လုပ်ရေးများအား ယနေ့(မတ် ၂၄)ရက်တွင် စတင် လုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
“တန်းလျားနဲ့ဆောက်လိုက်မှာပေါ့။ ၁၀ ပေ ပေ ၂၀ စီနဲ့။ အဲဒီမှာ အခန်းလေးဖွဲ့ပြီးတော့ ထားပေးဖို့အတွက်ကို စီစဉ် ထားပါတယ်။ တစ်အိမ်ထဲဆို ကျနော်လည်း မနိုင်ဘူး။ မိသားစုတစ်စုကို အခန်းလုံခြုံအောင်တော့ ဖွဲ့ပေးလိုက်မှာ ပေါ့။ အဲဒီ ၆ လအတွင်းမှာပဲ မူတည်ပြီးတော့ သူတို့က အဆင်မပြေဘူးဘာညာဖြစ်ရင်လည်း ဒါ မပြေလည်တဲ့သူ ကတော့ ကျနော်တို့ဆက်ပြီးတော့ စောင့်ရှောက်ရမှာပဲပေါ့” ဟု ၎င်းက ပြောသည်။

မတ်လ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် စစ်တွေ အာကျိတ်တော်ကုန်းသုသာန်နှင့် ရထားလမ်းဧရိယာအတွင်းမှ ကျူး ကျော်များအား စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားခဲ့သည့်အတွက် လူဦးရေ ၄၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

၎င်းတို့သည် ပေါက်တော၊ ပလက်ဝ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော စသည့် နေရာများမှ ဖြစ်ကြောင်းလည်း သိရသည်။

ထိုသူများသည် လက်ရှိတွင် အာကျိတ်တော်ကုန်း သုသာန်မြေအနီး ဘုန်းကြီးကျောင်းတစ်ခုရှေ့မှ မြေကွက်လပ် တွင် ယာယီနေထိုင်နေကြကာ အဆိုပါ မြေပိုင်ရှင်က ယခုလကုန်တွင် အပြီးဖယ်ရှားခိုင်းသဖြင့် ယခုရက်ပိုင်း အတွင်း ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြောင်းရွှေ့မှာဖြစ်သည်။

အဆိုပါ ကျူးကျော်များအား ကူညီရေးနှင့်ပတ်သက်၍ ပြည်တွင်း ပြည်ပများမှလည်း အလှူငွေများ ထည့်ဝင်ကြပြီး လက်ရှိတွင် အလှူငွေ သိန်းလေးရာကျော်ရရှိထားပြီဖြစ်ကြောင်း သိရသည်။