CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရုတ်နိုင်ငံသားပိုင် စက္ကူစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၀၀ ကျော်သည် အလုပ်ရှင်နှင့် ညှိနှိုင်းမှု အဆင်ပြေသွားသည့်အတွက် အလုပ်ပြန်ဆင်းနေကြပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

မတ်လ ၂၄ ရက်နေ့က အဆိုပါ စက္ကူစက်ရုံပိုင်ရှင်သည် အကြောင်းမဲ့ဖြင့် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်သည့်အပြင် ၎င်းတို့၏ အထောက်အထားစာရွက်စာတမ်းများ၊ လျော်ကြေးများ၊ နစ်နာကြေးများ မပေးသည့်အတွက် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့သည်။

ကိုသားကြီးက “အချက် ၃ ချက်ထောက်ပြတယ်လေ။ တစ်ချက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ အထောက်အထားတွေက အလုပ်သမားတွေ လက်ထဲမှာပဲရှိရမယ်။ ဒါ သူ့နိုင်ငံရဲ့ တည်ဆဲ ဥပဒေပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားမှတ်ပုံတင် ဒါမှမဟုတ် နိုင်ငံခြားသားတစ်ယောက်ရဲ့ ပတ်စပို့ အထောက်အထားက သူ့လက်ထဲမှာရှိရမယ်၊ အလုပ်ရှင်သိမ်းထားတာမျိုး မဖြစ်စေရဘူး။ နောက်တစ်ခုက အကြောင်းမဲ့ အလုပ်ဖြုတ်တာတွေမလုပ်ဖို့ပေါ့၊ အလုပ်တွေပေါ်မှာ သတ်မှတ်ထားတဲ့ လုပ်အားခတွေနဲ့ အချိန်ပို ကြေးတွေကိုလည်း အတိအကျပေးဖို့ အဲဒီအချက် ၃ ချက်ကို တောင်းဆိုခိုင်းတယ် အလုပ်သမားတွေကို။ အဲဒီလို ပြောတော့ သူတို့က အဲဒီက မန်နေဂျာကိုပြောတယ်ထင်ပါတယ်။ ညနေခင်းလောက်ကျတော့ ကျနော့်ကို ဖုန်းဆက်လာတယ်။ အဆင်ပြေသွားတယ်တဲ့။ သူတို့ အဲဒီအချက်တွေလည်းပြောတယ်ပေါ့။ နောက် တောက်တို မယ်ရပေါ့ သူတို့လိုအပ်တာလေးတွေလည်း ပြောတယ်ထင်ပါတယ်။ အဆင်ပြေသွားတယ်လို့ပြောလာတယ်”ဟု ပြောသည်။

ဒါ့အပြင် အလုပ်သမားတစ်ဦးသည် အဆိုပါစက်ရုံတွင် အလုပ်လုပ်သည်မှာ ၄ လခန့်ရှိပြီဆိုပါက အလုပ်ထုတ်သည့် အခါတွင် အနည်းဆုံး တစ်လစာ နစ်နာကြေးပေးရကြောင်း သိရသည်။

ယင်းမြန်မာအလုပ်သမား ၁၀၀ ကျော်ထဲတွင် အဆိုပါ စက်ရုံ၌ အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ရှိသူ များပြားသည့်အတွက် လျော်ကြေးပေးရမှာများကြောင်း၊ ဥပဒေအတိုင်း ခံစားခွင့်အား ‌ထောက်ပြရာတွင် အလုပ် ထုတ်သည့်အကြောင်းပြချက်အားမပေးဘဲ အလုပ်သမားများ၏ တောင်းဆိုမှုအား လိုက်လျောလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုသားကြီးက “တကယ်တမ်းကျတော့ အလုပ်ရှင်တစ်ယောက်က အလုပ်သမားတစ်ယောက်ကို အလုပ်ခန့် တော့မယ်ဆို သူ့နိုင်ငံသားဆိုရင်တောင်မှ ID ကို Copy ပဲ ပေးထားရမှာ။ နိုင်ငံခြားသားဆိုရင်လည်း ပတ်စပို့ကို copy ပဲ ယူထားရမှာ။ အဲဒီလိုအထောက်အထားတွေ သိမ်းထားပိုင်ခွင့်မရှိဘူး။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုတွေလည်းဖြစ်တယ်ပေါ့။ ဒါ တကယ်တမ်းကျရင် နိုင်ငံခြားဝန်ကြီးဌာနကနေ တဆင့် တာဝန်ရှိသူတွေက ပြောရမှာ မိမိနိုင်ငံသားကို အထောက်အထားကို သိမ်းဆည်းထားတာမျိုး မလုပ်ဘဲနဲ့။ အစောကြီးထဲက မှားယွင်းနေတယ်ပေါ့နော် ဒီလုပ်ရပ်က။ အလုပ်သမားတစ်ယောက်ရဲ့ ပတ်စပို့တွေ work permit စာအုပ်တွေကို သိမ်းဆည်းထားတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ” ဟု ပြောသည်။

လက်ရှိတွင် အချို့အလုပ်သမားများသည် ၎င်းတို့၏ အထောက်အထားစာရွက်များအား ပြန်လည်ရရှိပြီး အချို့မှာမူ ပွဲစားများ၏ လက်ထဲတွင်သာ ရှိသေးကြောင်းလည်း သိရသည်။