CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၆

သေနတ်ပစ်ခံရသဖြင့် သေဆုံးသွားသည့် မြန်မာအမျိုးသား၏ အမျိုးသမီးဖြစ်သူမှ ကျန်ရစ်သူမိသားစုအတွက် ထိုင်းရွှေဆိုင်ပိုင်ရှင်အား ဘတ် ၁၅ သိန်းခန့် လျော်ကြေးတောင်းရန် လုပ်ဆောင်နေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

အမှုစဖြစ်ကာစက ဘတ် နှစ်သိန်းလေးသောင်း (မြန်မာငွေ သိန်းတစ်ရာကျော်)ဖြင့် ညှိနှိုင်းခဲ့သေးသော်လည်း သေဆုံးသူ၏မိသားစုဝင်များမှ နည်းသည့်အတွက် လက်မခံခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “သေသွားတဲ့ကောင်လေးရဲ့အဖေအမေကျန်ခဲ့တယ်၊ သူ့ညီလေးကျန်ခဲ့တယ်။ ပြီးတော့ အမျိုးသမီး ကျန်ခဲ့တယ် ကလေးနှစ်ယောက်ကျန်ခဲ့တယ်ပေါ့။ သူတို့ကတော့ ဘတ် ၁၀ သိန်းလောက်တော့ လိုချင်တာပေါ့ အနည်းဆုံးပေါ့။ ကျနော်တို့ အဖွဲ့အစည်းကလည်း ထိုင်းနိုင်ငံရဲ့တည်ဆဲဥပဒေအတိုင်းဆိုရင် ကလေးနှစ်ယောက် ကျန်ခဲ့တယ် ဒီကလေးက ၁၈ နှစ်မပြည့်သေးဘူးဆို ၁၈ နှစ်ပြည့်သွားတဲ့အထိ တာဝန်ယူ ပေးရမယ်ဆိုတဲ့ ဥပဒေကရှိတယ်။ ကျနော်တို့က အဲဒီလိုလုပ်မယ်ဆိုရင် ပေတော့ရှည်မယ်ပေါ့။ နည်းနည်းတော့ အချိန်တွေပေးရ မယ်။ သို့သော် အဲဒီလိုလုပ်ဖို့ ကျနော်တို့ရည်ရွယ်ထားတယ်။ ဒါပေမယ့် အကြမ်းဖျဉ်းတော့ ရဲစခန်းကိုတော့ အမှုကိုင်ရဲကိုပေါ့ အနည်းဆုံးဘတ် ၁၅ သိန်း မြန်မာငွေသိန်းတစ်ထောင်နီးနီး အဲဒီလောက်ထိ ပေးဖို့အတွက်တော့ ကျနော်တို့တောင်းဆိုထားတယ်” ဟု ပြောသည်။

ဆိုင်ရှင်မှသေနတ်ဖြင့် ပစ်ခဲ့ကြောင်း ဝန်ခံခဲ့သည့်အတွက် ယခင် အမှုဖွင့်ထားသည့် လူသေဆုံးမှုအစား လူသတ်မှု ဖြင့် ပြောင်းလဲအမှုဖွင့်ထားသည်။
ရွှေဆိုင်ပိုင်ရှင်၏ ပစ်ခတ်လိုက်မှုကြောင့် မြန်မာအမျိုးသား၏ ဘယ်ဘက်ရင်ဘတ်သို့ ကျည်ဆန်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကာ အဆိုပါကျည်ဆန်အား ချင်းမိုင်တွင် ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးနေ ပြီး လာမည့်အပတ်တွင် အဖြေသိရမည်ဖြစ်သည်။

ကျည်ဆံခွံ စစ်ဆေးမှုအဖြေပေါ်မူတည်ကာ တရားရုံးတင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုသားကြီးက “ဒီ မြန်မာနိုင်ငံသားဟာ ထိုင်းနိုင်ငံမှာ အလုပ်စလုပ်ကတည်းကလေ တရားဝင် သူ့လုပ်အားခထဲက 5% လူမှုဖူလုံရေးသွင်းထားတယ် အစိုးရရုံးကို။ သူစပြီးသွင်းထားတဲ့ ငွေတွေအားလုံးပြန်ရအောင် ကျနော် လုပ်ပေးနေတယ်။ တော်တော်များများ မြန်မာနိုင်ငံသားတွေ ဒီဘက်မှာ သေဆုံးသွားလို့ရှိရင် အဲဒီ လူမှုဖူလုံရေးရုံး ကနေပြီးတော့ သဂြိုလ်စရိတ်ကို နာရေးလုပ်ဖို့အတွက် ဘတ်ငါးသောင်းရအောင် လုပ်ပေးလိုက်ကြတယ်။

အဲ့ ဘတ်ငါးသောင်းပြီးရင် ပြီးသွားပြီ။ အဲဒီလိုတွေ ကျနော်တွေ့ရတယ်။ ကျနော်တို့ရုံးကို အကူအညီတောင်းရင် ကျနော်တို့က အပိုင်းနှစ်ပိုင်းနဲ့ ရအောင်လုပ်တယ်။ နံပါတ်တစ်က သဂြိုလ်စရိတ် ငါးသောင်း၊ မနေ့ကထွက်လာ တော့ အဲ့ငါးသောင်းကို ခေါ်ပေးပြီ။ ကျနော်ဟိုနေ့က စာတင်လိုက်တာ။ အဲဒါသူတို့ လာယူဖို့ပြောပြီ။ အဲဒါတစ်ပိုင်း။ ဒုတိယပိုင်းက သေဆုံးသွားတဲ့ကောင်လေး သူ ထိုင်းအစိုးရ လူမှုဖူလုံရေးရုံးမှာသွင်းခဲ့တဲ့ သူ့လုပ်အားခထဲက 5% သွင်းခဲ့တဲ့ လူမှုဖူလုံရေးခတွေကို ပြန်လည်ရရှိဖို့အတွက်လုပ်ပေးနေတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်မှာ မြန်မာဇနီးမောင်နှံ နှစ်ဦးသည် သားဖြစ်သူအတွက် ရွှေဆွဲကြိုးဝယ်ယူနေစဉ် အမည်မသိ သေနတ်သမားသုံးဦးက ရွှေဆိုင်တံခါး‌ပေါက်ကို တွန်းဖွင့်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်လာသဖြင့် ၎င်းတို့ ဇနီးမောင်နှံသည် အနီးရှိ ရွှေဆိုင် ကောင်တာနောက် တွင် ဝင်ပုန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားပြသုံးဦးသည် ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများအား အတင်းယူဆောင်သွားကာ ရွှေဆိုင်ရှေ့တွင် အသင့်ရပ်ထားသည့်ကားဖြင့် မောင်းနှင်ထွက်ပြေးသွားပြီး မကြာခင်တွင် ဆိုင်ရှင်သူဋ္ဌေး ရောက်ရှိလာကြောင်း၊ ထို့နောက် ကောင်တာ နောက်တွင် ပုန်းနေသည့် ဇနီးမောင်နှံအား တွေ့မြင်ချိန် ခင်ပွန်းဖြစ်သူကို ဓါးပြအထင်ဖြင့် ၎င်း ကိုင်ဆောင်လာသော သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။