CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၅

ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို ဝင်နိုင်ရေးအတွက် အောက်တိုဘာလမတိုင်ခင် မြောက်ဦး‌မြို့ ရှေးဟောင်းစေတီပုထိုးများရှိ ကျူးကျော်များအား အပြီးဖယ်ရှားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ‌(မြောက်ဦးဌာနခွဲ)မှ သိရသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလလောက်တွင် ပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည် ဖြစ်သည့်အတွက် ထိုမတိုင်ခင် အပြီးဖယ်ရှားရန် စီမံကိန်းလျာထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ‌(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးကြည်ခင်က “ဘာလို့လဲဆိုတော့ တချို့ကျတော့လည်း ပိုက်ဆံရှိလို့ ကျူးတာရှိသလို တချို့ကျတော့လည်း နေစရာမရှိလို့ ကျူးတာရှိတယ်။ အဲဒါတွေအတွက်ကိုလည်း ကျနော်တို့ ပြည်နယ်အစိုးရကို တင်ပြပြီးတော့ ဒါသူတို့ ကျူးကျော် မှုတွေ မရှိစေရေးအတွက် ရှင်းလင်း ဖယ်ရှားသွားမှာပါ။ အဲ့ဒါတွေက လုံးဝ မညီညွတ်ပါဘူး။ မညီညွတ်တဲ့အတွက် ကျနော်တို့ ဆောင်ရွက်မှာပါ။ အရင် ကိုဗစ်ကာလတို့ ဘာတို့က အဲဒီနားမှာ စိုးနေတာပေါ့လေ” ဟု ပြောသည်။

‌မြောက်ဦး‌မြို့ ရှေးဟောင်းစေတီပုထိုးများရှိ ကျူးကျော်နေအိမ်များသည် ယခု အသစ်ရောက်ရှိလာသည်များ မဟုတ်ဘဲ ယခင်ရှိနေသည့် ကျူးကျော်များ ဖြစ်ကြောင်း၊ ထိုကျူးကျော်များသည် ရှေးဟောင်းနေရာများတွင် နေနေကြခြင်းဖြစ်ကာ ယာယီနေအိမ်များ ဆောက်လုပ်ပြီး နေထိုင်နေကြ ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးနဲ့အမှိုက်ပြဿနာ

လက်ရှိ မြောက်ဦးမြို့တွင် ရှိသော ကျူးကျော်ထဲ၌ နေစရာရှိ၍ ကျူးကျော်နေထိုင်သူ ၂၀၀ ကျော်ရှိပြီး နေစရာမရှိဖြစ်ကာ ကျူးကျော်နေထိုင်သူ ၁၀၀ ကျော်ရှိကြောင်း မြောက်ဦးဒေသခံက ပြောသည်။

ပြီးခဲ့သည့်လက အီတလီနိုင်ငံသား ပညာရှင်မှ မြောက်ဦးမြို့ ယူနက်စကို ဝင်နိုင်ရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှု များကြောင့် အခက်အခဲရှိနိုင်ကြောင်း အကြံပြုခဲ့သည့်အတွက် ယခုအခါတွင် အပတ်စဉ် အမှိုက်ကောက်သည့် ကမ်ပိန်းအား ပြုလုပ်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောသည်။

၎င်းက “အမှိုက်ကမ်ပိန်းစနေပြီ။ ကျနော်တို့ အပတ်စဉ် စနေနေ့တိုင်း ရှင်းလင်းဖယ်ရှားသွားမှာ ပညာလည်းပေးရင်းနဲ့ ဌာန ဆိုင်ရာတွေလည်း အကုန်ဝိုင်းပြီးတော့ ကူညီကြမယ်။ အဲဒီစီမံချက်ကို ချထားပါတယ်။ အဲဒီစီမံချက်ပြီးသွားရင် အဲဒီစီမံချက်နဲ့ အပြိုင်ပဲ ဖြစ်ဖြစ်ပေါ့ အဆင်ပြေတဲ့အချိန်မှာ ကျနော်တို့က ဒီလိုမျိုး ရှင်းလင်း ဖယ်ရှားလို့ရအောင် ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။

မြောက်ဦးဒေသအား ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာ မူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ကာ ထိုအဆိုပြုလွှာ မူချော တင်သွင်းထားမှုကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ရုံးချုပ်မှ လက်ခံထားပြီး ဖြစ်သည်။

မြောက်ဦးဒေသအား လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ယူနက်စကို ဝင်/မဝင် ဆုံးဖြတ်မည် ဖြစ်သည်။

မြောက်ဦးသည် ရခိုင်သမိုင်း၏ ထင်ရှားသည့် ရှေးဟောင်းအမွေအနှစ်များ စုဝေးတည်ရှိရာ မြို့တော် တစ်ခုဖြစ်သည့်အပြင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီး လေးခေတ်အနက် နောက်ဆုံးခေတ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ခန့်က ရခိုင်ဘုရင်များ တည်ထားခဲ့သည့် ရှေးဟောင်း အမွေအနှစ်များ တည်ရှိသည်။