CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇

ရုရှားနိုင်ငံမှ စက်သုံးဆီများကို တင်သွင်း၍ ဖြန့်ဖြူးရောင်းချပေးမှုတွင် အချိန်တစ်ခုအထိ တည်ငြိမ်သည့် နှုန်းထား ဖြင့် ရောင်းချပေးစေလိုကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံမှ တင်သွင်းလာသည့် စက်သုံး ဆီများကို အများပြည်သူနှင့် သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဖြစ်သော ကုန်စည်ပို့ဆောင်ရေး၊ ခရီးသည်တင် ယာဉ်လိုင်းများနှင့် ရထားလိုင်းများတွင် အဓိက ဖြည့်ဆည်းပေးမည်ဟု ပြောကြားထားသည်။

စက်သုံးဆီဈေးနှုန်းများသည် တစ်ရက်နှင့် တစ်ရက် တူညီမှုမရှိဘဲ အတက်အကျ ပြောင်းလဲနေကြောင်း၊ ထို့ကြောင့် စက်သုံးဆီဈေးနှုန်းကို အချိန်တစ်ခုအထိ တည်ငြိမ်သည့် နှုန်းထားဖြင့် ရောင်းချပေးစေလိုကြောင်း၊ ထိုသို့ ရောင်းချပေးမည်ဆိုပါက ကုန်ဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်ဇော်မင်းထွန်းကိုတွေ့ရစဉ် (AFP)

၎င်းက “ကျနော်တို့ကတော့ အခုကတော့ စက်သုံးဆီဈေးကျရင် ကျနော်တို့ ဒီလမ်းပန်း ဆက်သွယ်ရေးမှာ အများ ကြီး အထောက်အကူ ပြုမှာပေါ့နော်။ အခုကတော့ ကျနော်တို့ရဲ့ ခံစားခွင့်တွေ အားလုံးက စက်သုံးဆီထဲ ရောက် သွားတယ်ဗျာ။ ၁၀၀၊ ၂၀၀ လောက်တက်ပြီး ငြိမ်နေရင် နည်းနည်းကောင်းတာနဲ့ မကောင်းတာနဲ့၊ ကားခကောင်း တာနဲ့ ကားခ မကောင်းတာနဲ့။ အလယ်အလတ်ကုန်တွေနဲ့ ရောပြီးတော့ တင်ရင်တော့ ကိုက်တာပေါ့။ ဆီဈေးက ဒီနေ့ ၁၀၀ တက်တယ်၊ နောက် ၂ ရက်ကျတော့ နောက် ၂၀၀ တက်တယ်။ ၄ ရက်လောက်ကြရင် ၄၀၀ လောက် တက်သွားတယ်။ ကျနော်တို့ အဆင်မပြေတော့ဘူးဗျာ။ အခုချိန်မှာ ကျနော်တို့ အလုပ်တွေကလည်း မကောင်းဘူး။ အခက်အခဲတွေ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ စိန်ခေါ်မှုတွေ ရှိတာပေါ့။ ဒီအပေါ်မှာ စက်သုံးဆီဈေးက ဈေး နှုန်း တစ်ခုနဲ့ အသင်းတွေကို ဖြည့်ပေးမယ်ဆိုရင် ကျနော်တို့က ပိုပြီးတော့ ကျနော်တို့ရဲ့ ကုန်ဈေးနှုန်း တည်ငြိမ် ကျဆင်းရေးကိုလည်း ကျနော်ထင်ပါတယ် အထောက်အကူ ပြုလိမ့်မယ်” ဟု ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်း တည်ငြိမ်မှု မရှိခြင်းကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် သယ်ယူစရိတ် တွက်ချက်ရာ၌ အခက်အခဲဖြစ်နေကြောင်း၊ စက်သုံးဆီ ဈေးနှုန်းသည် အနည်းငယ်ကျဆင်းလာသော်လည်း ပြန် လည် မြင့်တက်သည့်အခါမှာတော့ ကျဆင်းခဲ့သော ဈေးနှုန်းထက် ပို၍ကြီးမြင့်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းများအဆင်မပြေ ဖြစ်လာခဲ့ကြောင်း သိရသည်။
ထို့နောက် စက်သုံးဆီ အဓိက ဖြန့်ဖြူးပေးနေသည့် ရန်ကုန်သီလဝါ ဆိပ်ကမ်းနှင့် အလှမ်းဝေးသော တိုင်းဒေသကြီး များနှင့် ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များသည် ခွဲတမ်းရရှိမှု နည်းပါးနေကြောင်း စက်သုံးဆီ အရောင်း ဆိုင်များက ပြောသည်။

ထို့ကြောင့် ရုရှားနိုင်ငံမှ တင်သွင်းထားသည့် စက်သုံးဆီများကို လိုင်စင်ရှိထားသော စက်သုံးဆီ အရောင်းဆိုင် များကိုလည်း သိုလှောင်နိုင်သည့် အတိုင်းအတာတစ်ခုဖြင့် ခွဲတမ်းပေးစေလိုကြောင်း ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်မှ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီသယ်ယူလာသော ဆီဘောက်ဆာကားကိုတွေ့ရစဉ်(GETTY IMAGES)

၎င်းက “ဆီရဖို့အတွက်ကို ကုမ္ပဏီကို ဝယ်ရတယ်။ ကုမ္ပဏီဆီမှာ လျှောက်လွှာတင်ပြီး ဝယ်ရတယ်။ စောင့်နေရ တယ်။ အချိန်ပေးရတယ်။ လျှောက်လွှာတင်တာက ၂ ရက်လောက်ကြာမယ်။ ဆီကျတာက ၁ ရက်ဆို ၃ ရက် လောက် ကြာတယ်။ အဲဒီဆီ ရဖို့အတွက် သီလဝါမှာ သွားစောင့်ရတာက ၃၊၄ ရက်လောက် စောင့်ရတော့ တစ်ပတ် လောက် ကြာသွားတာပေါ့။ တစ်ပတ်လောက် ကြာသွားတဲ့ဥစ္စာက ဆီအများကြီးရတာ မစုတ်ဘူး။ လီတာအားဖြင့် ၃၆၄၀၊ ၂၁၈၀ အဲလောက်ပဲ ရတာ။ ကိုယ့်ဆိုင်ရောင်းအားနဲ့ ခွဲတမ်း သတ်မှတ်ပေးတဲ့ ဆီနဲ့က အရမ်းကွာနေတယ် နည်းနေတယ်လေ။ နယ်ဝေးသမားတွေဆိုရင်တော့ ကျနော်တို့က လိုင်စင်ရှိတဲ့ဆိုင်လေ။ လိုင်စင်ရှိတဲ့ဆိုင်တွေကို ရုရှားဆီကို လိုင်စင်ရှိတဲ့ဆိုင်တွေကို ဘယ်လောက်နဲ့ ခွင့်ပြု။ လိုင်စင်မှာ အဆင့်နဲ့ ရှိတာကိုး က၊ ခ၊ ဂ ရှိသေးတာ ကိုး။ က၊ ခ၊ ဂ သိုလှောင်နိုင်စွမ်းပေါ့။ သိုလှောင်နိုင်စွမ်းအဆင့် သတ်မှတ်ထားတယ် လိုင်စင်မှာလေ။ အဲဒီလိုင်စင်ရဲ့ သတ်မှတ်ချက်အတိုင်း အဲလိုပေါ့ သူတို့သွင်းလာတာကို ဈေးသက်သက်သာသာနဲ့ ရမယ်ဆိုရင်တော့ လိုင်စင်ရှိတဲ့ ဆိုင်တွေကို ခွဲတမ်း သူတို့ သတ်မှတ်ထားတဲ့ အဆင့်တိုင်း မျှဝေပြီးတော့ ရောင်းပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင် ပြေတာပေါ့။ အခုက ကုမ္ပဏီကနေ ဝယ်ရတာကိုး ကုမ္ပဏီကနေ တဆင့်ခံ ဝယ်နေရတာ ငါတို့က” ဟု ပြောသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းနေကြောင်း၊ မကြာခင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း နစက သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ၂၀ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

သို့သော် မည်သည့်ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ကို တိကျသေချာစွာ ပြောဆိုထားခြင်း မရှိပေ။