CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ရုရှားနိုင်ငံသည် ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် စည် ၅ သိန်း သို့မဟုတ် ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းကို မတ်လမှ စတင် လျှော့ချသွားမည်ဟု ပြောဆိုထားသော်လည်း ထိုကိစ္စကြောင့် မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးကွက်အပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း စီးပွားရေးလေ့လာသူများက ပြောသည်။

ရုရှားနိုင်ငံက စက်သုံးဆီ လျှော့ထုတ်လုပ်သော်လည်း မြန်မာနိုင်ငံကို ရောင်းချသည့် ပမာဏအား လျှော့ချမှု မရှိကြောင်း၊ ထုတ်လုပ်မှု လျှော့ချလိုက်သည့်အတွက် ကမ္ဘာ့ရေနံဈေးနှုန်း အပြောင်းအလဲ ဖြစ်သွားမှသာလျှင် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိလာမည်ဟု စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ရုရှား စက်သုံးဆီထုတ်လုပ်မှုကိုတွေ့ရစဉ်

၎င်းက “ထုတ်လုပ်မှုသာ လျှော့ချတာလေ မြန်မာမှာ ရောင်းမယ့်ဟာက သူ့ဟာသူ approve ဖြစ်ပြီးသား။ နောက် မြန်မာပြည်ကို ရောင်းမယ့်ဟာကလည်း သူ့ထုတ်လုပ်မှုနဲ့စာရင် ဘာမှ မပြောပလောက်ဘူး။ ဒါပေမယ့် ရုရှားက လျှော့ချလို့ World Price တက်သွားရင်တော့ တက်တဲ့ effect ကတော့ လာမှာပေါ့။ ကြည့်ကြည့်ရမှာပေါ့လေ တခြား ရေနံထုတ်လုပ်နေတဲ့ အဓိက နိုင်ငံတွေကရော ဘယ်လိုအခြေအနေ ရှိလဲ ကြည့်ရမှာပေါ့။ အခုက သူက လျှော့ချတာက အဓိကကတော့ Western Europe Country ပေါ့ ဥရောပနိုင်ငံတွေကို ပို့တဲ့ဟာပေါ့။ ဒါပေမယ့် ဟိုဘက်က သူက Price ကို သတ်မှတ်လိုက်တာကိုး။ ဘယ်လောက်ပဲ ပေးမယ်ဆိုပြီးတော့ သူက မရောင်းချင်ဘူး။ ဒါပေမယ့် မြန်မာကိုတော့ မလျှော့ချပါဘူး။ မလျှော့ချဘူးဆိုတာကလည်း မြန်မာက ဝယ်တဲ့ပမာဏက သူတို့ ရောင်းတဲ့ ပမာဏနဲ့ ဘာမှ ရှိတာ မဟုတ်ဘူးလေ။ သူတို့ရဲ့ ထုတ်လုပ်မှု တစ်ခုလုံးနဲ့ စာရင်ပေါ့လေ” ဟု ပြောသည်။

ရုရှား၏ ရေနံလျှော့ချ ထုတ်လုပ်မှု သတင်းကို အသုံးချ၍ ပြည်တွင်းရှိ စက်သုံးဆီ ကုန်သည်များ၊ သွင်းကုန် လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဈေးကစားလာနိုင်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းချုပ်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံခြားငွေ ဈေးနှုန်းကို ကိုင်တွယ်သည့်နည်းတူ ယခု စက်သုံးဆီ ကိစ္စ ကိုလည်း ကိုင်တွယ်နိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစိုးရရဲ့ ထိန်းချုပ်မှုပေါ်မှာ မူတည်တယ်။ ဈေးကစားတာကို ခွင့်ပြုနေရင်တော့ ခွင့်ပြုထားရင်တော့ ဈေးကစားမှာပဲ။ ဈေးကစားမှာကို ခွင့်မပြုဘူးဆိုရင်တော့ ဟိုတလောကတောင် ကြားတယ်မလား ဗဟိုဘဏ်က နိုင်ငံခြားငွေကို မတရားစွဲတင်ရင် လုပ်တဲ့ကိစ္စတွေကို သူတို့ စကိုင်တွယ်တော့မယ်ဆိုတော့ ကျန်တာတွေလည်း ကိုင်တွယ်မယ်ထင်တယ်ဗျ။ နိုင်ငံတော်က ဘယ်လောက်ထိ သူတို့ကို သတ်မှတ်ခွင့် ပေးထားတယ်။ ဘယ်အပေါ် မှာ ဒါတစ်ခုတော့ အတိုင်းအတာ တစ်ခုတော့ ရှိရမှာပေါ့ဗျာ။ သူတို့လုပ်ချင်တိုင်း လုပ်လို့မရအောင်တော့ ထိန်းချုပ် ရမှာပေါ့ ကျနော်ပြောတဲ့သဘောက။ ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေတော့ အစိုးရမှာတော့ ဆောင်ရွက်ရမယ့် တာဝန်ကတော့ သူ့မှာ ရှိတာပေါ့ဗျာ” ဟု ပြောသည်။

ရုရှား ရေနံပိုက်လိုင်းကိုတွေ့ရစဉ်


ရုရှားနိုင်ငံသည် ဆော်ဒီပြီးနောက် ကမ္ဘာ့ဒုတိယ အကြီးမားဆုံး ရေနံတင်ပို့သူဖြစ်ကာ ထုတ်လုပ်မှု လျှော့ချမည့် သတင်းကြောင့် Brent ရေနံဈေးကွက်တွင် ရေနံတစ်စည်လျှင် ၈၆ ဒသမ ၆ ဒေါ်လာထိရောက်ရှိလာသည့်အတွက် ၂ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားသည်ကို တွေ့ရသည်။

ရုရှားနိုင်ငံမှ ဝယ်ယူသည့် စက်သုံးဆီ ဈေးနှုန်းသည် သက်သာသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက် မှုကြောင့် အဓိက ဝယ်ယူနေသော စင်္ကာပူနိုင်ငံ၏ ဈေးနှုန်းနှင့် အတူတူခန့်ပင် ရှိနေသည်ဟု စီးပွားရေး လုပ်ငန်း ရှင်များက ပြောသည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူနေသည်မှာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှု G to G ဖြင့် ဝယ်ယူနေခြင်း ဖြစ်သည့်အပြင် ရုရှားထံမှ ဝယ်ယူနေသည့် ပမာဏသည် ပြည်တွင်းသုံးစွဲမှု၏ ၂၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။