CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလအလွန် နိုင်ငံရေးအပြောင်းအလဲ၌ ပြည်ပနိုင်ငံများသို့ ကျောင်းတက်ရန်၊ အလုပ် လုပ်ကိုင်ရန်၊ အခြေချနေထိုင်ရန် စသဖြင့် ထွက်ခွာကြသူ အများအပြားရှိပြီး ထိုထဲတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ကြသည်မှာ အဓိကအများဆုံးဖြစ်ကြောင်း တွေ့ရသည်။

ယခုကဲ့သို့ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်ရန်အတွက် ထွက်ခွာသွားကြခြင်းမှာ ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးခြင်းနှင့် လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့်ဟု ပြည်ပနိုင်ငံများတွင် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က “ကိုယ့်အတွက် လုပ်အားခမြင့်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းပြီးတော့ အလုပ်လုပ်ကြ တာကတော့ ရွှေ့ပြောင်း အလုပ်သမားဆိုတာကတော့ နှစ် ၃၀ လောက် အလွန်ကတည်းက။ သို့သော်လည်း ဒီနောက်ပိုင်းမှာက ပိုပြီးတော့ နိုင်ငံတွေ တိုးတက်မှုတွေ ကွာဟသွားတဲ့အခါမှာ အခြေခံ လုပ်အားခတွေလည်းပဲ ကွာဟမှုတွေ ရှိလာတော့ ပိုပြီးတော့မှ လုပ်အားခများတဲ့ နိုင်ငံတွေကို ကိုယ့်ဒေသမှာ၊ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် တွေလည်း ရှားပါးလာတော့ ရွှေ့ပြောင်းပြီးတော့ အလုပ်လုပ်တဲ့ နှုန်းတွေကလည်း ပိုတက်လာတဲ့ သဘောပဲ။ တောင်ကိုရီးယားကလည်း လွန်ခဲ့တဲ့ ကိုဗစ်ကာလပေါ့ စတဲ့အချိန်မှာတော့ ပြည်ပကနေ အလုပ်သမားတွေ ကိုရီးယားနိုင်ငံထဲကို ဝင်ရောက်ခွင့်တွေ ပိတ်ပင်ထားတာပေါ့။ ပိတ်ပင်ထားတော့ အလုပ်သမား ရှားပါးမှု ပြဿနာ တွေ အရမ်းထိခိုက်တယ်။ အလုပ်သမား လိုအပ်ချက်တွ ဖြစ်လာပြီပေါ့နော်။ အဲဒီမှာ ပြည်ပကနေ အလုပ်သမား တွေကို ထပ်ပြီးတော့ ခေါ်သွင်းတဲ့အခါကျတော့ တော်တော်လေးကို နှုန်းတွေ တက်လာတာပေါ့။ တနေ့တနေ့ ကျနော်တို့ မြန်မာနိုင်ငံလို အနေအထားမျိုးနဲ့တောင်မှ နိုင်ငံရေးစနစ်တွေ အခြေအနေမကောင်းတဲ့ အခြေအနေမှာ တောင်မှ မြန်မာအလုပ်သမားတွေက ဝင်ရောက်မှုနှုန်းတွေ အရင်ကထက်စာရင် အများကြီး တိုးလာတာပေါ့” ဟု ပြောသည်။

ပတ်စပို့လျှောက်သူများနဲ့ ပြည်ပထွက်သူများကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက် နိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။

ပြည်တွင်းမှ လုပ်ငန်းရှင်များသည် ကိုဗစ်ကာလတွင် အများအပြား ထိခိုက်ခဲ့ကြသကဲ့သို့ ရပ်နားလိုက်ရခြင်းများ လည်း ရှိခဲ့ကြောင်း၊ ကိုဗစ်အလွန် ကာလတွင်လည်း နိုင်ငံရေး အပြောင်းအလဲဖြင့် ထပ်မံတွေ့ကြုံသောကြောင့် လုပ်ငန်းရှင်များအတွက် အခက်အခဲများရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

လုပ်ငန်းရှင်များမှ လုပ်ခလစာပေးရာတွင် အခြေခံ သတ်မှတ်နှုန်းထားဖြစ်သည့် ကျပ်ငွေ တစ်သိန်းခွဲဝန်းကျင်မှ စတင်ကာပေးခြင်း ဖြစ်သော်လည်း လက်ရှိတွင် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် မြန်မာငွေတန်ဖိုး ကျဆင်းခြင်းကြောင့် လုပ်ခလစာနည်းသည်ဟု ပြောကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်ပ ထွက်မည့် မြန်မာများကိုလေဆိပ်မှာတွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “ကျနော်တို့ လုပ်ငန်းရှင်တွေ ဘက်ကကြတော့ တိုးသင့် တိုးထိုက်တဲ့ လူနဲ့ တကယ့် တိုးပေးသင့်တဲ့ လူတွေကို ကြတော့ မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေဆိုရင်တော့ ကျနော်တို့က တိုးပေးတာတွေ ရှိတယ်ပေါ့။ ကိုဗစ်ကာလ အလွန်မှာလည်း ခဏ ကျနော် တို့ နိုင်ငံရေးကိစ္စတွေ ဘာတွေနဲ့ ကြတော့လည်း စီးပွားရေး ကောင်းကောင်းမွန်မွန် လုပ်ဖို့ပြုဖို့ကလည်း နည်းနည်း ခက်ခဲလာတဲ့အချိန်၊ ပြီးတော့ အဲဒီကြားထဲမှာမှ ထပ်ပြီးမှ ငွေကြေးတန်ဖိုးတွေက တော်တော်လေး ကွဲလွဲမှုတွေ ဖြစ်သွားတဲ့အတွက် လုပ်ငန်းရှင်တွေဘက်က အခက်အခဲတွေက ခက်ခဲပြီးရင်း ခက်ခဲ၊ ပြဿနာ တစ်ခုပြီးတစ်ခု ရင်ဆိုင်မှုတွေ၊ စိန်ခေါ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတဲ့ အခါကြတော့ ဒီဝန်ထမ်းတွေဘက်ကို အားမထည့် ပေးနိုင် တာပေါ့” ဟု ပြောသည်။

ထိုသို့ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်ရန် ထွက်ခွာကြသူများထဲတွင် အခြေခံ အလုပ်အကိုင်များ လုပ်ကိုင်ရန် သွားရောက်ကြသူ ဦးရေမှာ များပြားကြောင်း၊ သို့သော်လည်း ပညာရှင်အဆင့် အလုပ်အကိုင်များ လုပ်ကိုင်ရန် အတွက် သွားရောက်ကြ သူဦးရေမှာလည်း အတန်အသင့်တော့ရှိကြောင်း ပြည်ပနိုင်ငံများတွင် မြန်မာ အလုပ် သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် ပညာတော်သင် သွားရောက်ကြသူများမှာလည်း များပြားလာသည့်အတွက် ယခုကဲ့သို့ ပြည်ပထွက်ခွာမှု များပြားလာခြင်း၏ နောက်ဆက်တွဲ အနေဖြင့် မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ် ဆုံးရှုံးမှုမှာ ဆိုးရွားသည့် လက္ခဏာဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 ပတ်စပို့လျှောက်သူများနဲ့ စက်ရုံမှာလုပ်နေသူများကိုတွေ့ရစဉ်

၎င်းက “နိုင်ငံတစ်နိုင်ငံရဲ့ အသီးအပွင့်၊ နိုင်ငံရဲ့ သယံဇာတတွေဟာ အဲဒီလူငယ်မျိုးဆက်တွေ ဖြစ်ပါတယ်။ အဲဒီ ပြည်တွင်းမှာ လူငယ်မျိုးဆက်တွေက သူတို့ တတ်ကျွမ်းတဲ့ ပညာရပ်၊ တီထွင်ကြံဆ လုပ်ကိုင်ပြီးမှ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရမယ့် နေရာမှာ တကယ့်အရေးကြီးတဲ့ သယံဇာတ အရင်းအမြစ်တွေ အားလုံးက နိုင်ငံတကာကို အကုန်ရောက်ကုန်ကြတဲ့ အတွက်ကြောင့် တိုင်းပြည်က အနာဂတ်အတွက် ရင်လေးစရာလို့ပဲ သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။

ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်မည်ဆိုပါက မိမိသွားရောက်မည့် နိုင်ငံမှ ချမှတ်ထားသည့် ဥပဒေများအား သိရှိရန်လိုအပ်ကြောင်း၊ မိမိမသွားခင် ကာလတွင် လေ့လာထားကြရန် လိုအပ်ကြောင်း ပြည်ပနိုင်ငံများတွင် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။

ပြည်ပနိုင်ငံများမှ ချမှတ်ထားသည့် ဥပဒေများနှင့်ပတ်သက်၍ မသိနားမလည်ပါက မိမိသာလျှင် ခေါင်းပုံဖြတ်ခံရ မည် ဖြစ်ကြောင်း ပြည်ပနိုင်ငံများတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။