CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁

တိုင်းပြည်၏ စီးပွားရေးတိုးတက်မှသာ ပြည်တွင်းတွင် တစ်ရက်အတွက် အနည်းဆုံး အခြေခံလုပ်ခလစာကို တိုးမည်ဖြစ်ကြောင်းနှင့် လုပ်ခလစာ တိုးသင့်၊ မတိုးသင့်နှင့်ပတ်သက်၍ ဆွေးနွေးနေဆဲသာဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

နိုဝင်ဘာ ၂၅ ရက်နေ့က အလုပ်သမားဝန်ကြီးဌာန၏ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အနည်းဆုံး အခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားခဲ့မှု နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခြင်း ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက “ဒီဟာတွေအပေါ်မှာ လုပ်သင့်၊ မလုပ်သင့် ဆွေးနွေးနေဆဲပဲ ရှိပါသေးတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေအပေါ် မူတည်ပြီးတော့ ဒီကိစ္စတွေက ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ပြောသွားပါပြီ။ လုပ်ခလစာတွေ တိုးဖို့ဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အရင် လုပ်ပြီးတော့မှ လုပ်ခတိုးမြှင့်ရေးက ဆက်ပြီး စဉ်းစားရမှာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီးတော့ သာမန်ရုံးလုပ်ငန်း အခြေအနေပဲ ရှိပါသေးတယ်။ ထူးထူးခြားခြားနဲ့ ဆောင်ရွက်နေတာ မရှိသေးပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး ဆန္ဒပြတောင်းဆို (Reuters)

အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် တစ်ရက်အတွက် အနည်းဆုံး အခြေခံလုပ်ခလစာသည် ကျပ်ငွေ ၃၅၀၀၀ (သုံးသောင်း ငါးထောင်) ခန့်ရှိသည့်အတွက် မြန်မာနိုင်ငံတွင်လည်း လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် တစ်ရက်လျှင် အနည်းဆုံး အခြေခံလုပ်ခလစာအဖြစ် တစ်သောင်း(သို့မဟုတ်) တစ်သောင်း ငါးထောင်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြော သည်။

နိုင်ငံ၏ စီးပွားရေး မတိုးတက်သဖြင့် အလုပ်သမားများ၏ အနည်းဆုံး အခြေခံလုပ်ခလစာအား မတိုးပေးခြင်းသည် မဖြစ်သင့်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ပညာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေး ရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေး၊ စီးပွားရေး တိုးတက်တာ မတိုးတက်တာထက်ပေါ့လေ။ ဒီအခြေခံ လုပ်အားခကတော့ ပုံမှန် တော့ ရှိရမယ်။ နောက်တစ်ခုက အရေးကြီးတာက လက်ရှိ ကျနော်တို့ နေ့စဉ် မြင့်တက်နေတဲ့ အခြေခံ လူနေထိုင် မှု စရိတ်တွေနဲ့ ဘာပဲပြောပြော လုံလောက်အောင်၊ ကာမိအောင် တိုးပေးရတဲ့ အစဉ်အလာရှိတာကို။ နိုင်ငံရေး ကိစ္စတို့ စီးပွားရေးကိစ္စ မတိုးတက်တာနဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာ မတိုးပေးရဘူးဆိုတဲ့ ဟာမျိုးတော့ မဖြစ်သင့်ဘူး ထင်တယ်။ အလုပ်သမားတွေရဲ့ ဖွံ့ဖြိုးရေးကို ပံ့ပိုးချင်တယ်ဆိုရင်တော့ အခြေခံလုပ်ခကြီးပဲ တိုးပေး ရုံနဲ့ မလုံလောက်ဘူး။ လူမှုဖူလုံရေးကိစ္စကတော့ တော်တော် အရေးကြီးပါတယ်။ ဥပမာ ကျနော်တို့ ဘာလုပ်ငန်းပဲ ဖြစ်ဖြစ် မြန်မာပြည်ရဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတစ်ယောက်က သေဆုံးလို့ရတဲ့ လျော်ကြေးနဲ့ ထိုင်းနိုင်ငံနဲ့ပဲ နှိုင်းယှဉ်ကြည့်ပေါ့။ ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်မှာ သေဆုံးတယ်၊ မသန်စွမ်း ဖြစ်တယ်ဆိုတဲ့ ဟာတွေရဲ့ လျော်ကြေး ကအစ အင်မတန်ကွာတာ ရှိတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ခဏခဏ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဒီလူမှု ဖူလုံရေး ရန်ပုံငွေနဲ့ အလုပ်သမားတွေကို လူမှုဖူလုံရေးကိစ္စတွေကို စနစ်တကျ အများကြီး ပံ့ပိုးဖို့ လိုသေးတယ်လို့ ကျနော်ပြောချင်တယ်”ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် အနည်းဆုံး အခြေခံလုပ်ခလစာအား ၃၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်အဖြစ်သို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၌ အတည်ပြု ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့က စက်ရုံအလုပ်သမားများကိုတွေ့ရစဉ်

ထိုသို့ တိုးမြှင့်သတ်မှတ် လိုက်ခြင်းမှာလည်း အလုပ်သမားများ၏ ဆန္ဒပြ တောင်းဆိုမှုများနှင့် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တို့၏ တင်ပြ တောင်းဆို ခဲ့ကြမှုများကြောင့် ဖြစ်ကြောင်း သိရသည်။

သို့သော် ၎င်းတို့က ၇၀၀၀ နှင့် ၈၀၀၀ ကျပ် သတ်မှတ်ပေးရန် တင်ပြတောင်းဆို ခဲ့ကြခြင်းဖြစ်သော်လည်း အမှန် တကယ် တိုးပေးလိုက်သည်မှာ ၄၈၀၀ ကျပ်သာဖြစ်ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM)မှ အဖွဲ့ဝင် မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပထမဦးဆုံး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချိန်က ပါတယ်လေ။ ၂ နှစ်မှာ တစ်ကြိမ် သုံးသပ်ရမယ်။ အဲဒါ က ကုန်ဈေးနှုန်းတို့ လက်ရှိနိုင်ငံရေး အခြေအနေတွေ အပေါ်မှာ သုံးသပ်ပြီးတော့ တိုးမြှင့်ပြောင်းလဲရမယ်လို့ ပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် ပြောင်းလဲတဲ့ အချိန်မှာတောင်မှ ၂ နှစ်ကို ကျော်လာတယ်။ ၂၀၁၇ မှာလုပ်ရမှာ ပေါ့။ ၂၀၁၈ မေလ ကြတော့မှာ ဧပြီမှာ သမ္မတမိန့်ခွန်းနဲ့ ပြောင်းလာတာပေါ့။ ၂၀၂၀ မှာလည်း သူတို့ဘက်က မလုပ် နိုင်ခဲ့ဘူး။ ဆိုတော့ အခုအချိန်မှာတော့ ကျမတို့က သိပ်အရမ်းကြီးတော့ မျှော်လင့်ထားတာမျိုး မရှိဘူးပေါ့။ အလုပ် သမားကို ဖြစ်သလောက်လေးပဲ အပြောင်းအလဲ လုပ်သွားပြီးတော့ နင်တို့ လုပ်ခလစာဆိုပြီးတော့ အလုပ်ရှင်တွေ မကန့်ကွက်မယ့် အနေအထားမျိုး။ အလုပ်ရှင်တွေက ကန့်ကွက်တာတွေ ရှိတယ်လေ။ သူတို့ မပေးနိုင်ဘူးတို့၊ သူတို့ရဲ့ အော်ဒါက ဘယ်လိုတို့၊ သူတို့က ဘယ်အချိန်မှာ ရှုံးနေတယ်၊ ဘယ်အချိန်မှာ မြတ်နေတယ်။ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ အလုပ်ရှင်တွေက ကန့်ကွက်ကြတာရှိတာကိုး။ အဲဒီလိုရှိတဲ့ အခါကျတော့ အဲဒါတွေ အပေါ်မှာ လည်း အလုပ်ရှင် လက်ခံနိုင်လောက်တဲ့ နှုန်းထားမျိုးတွေ စဉ်းစားကြမှာ ဆိုတော့။ ဒီအချိန်မှာကတော့ အလုပ် သမား အဖွဲ့အစည်းတွေက အားမကောင်းဘူးလေ။ မပြောနိုင်ဘူး။ တော်လှန်ရေးကိုပဲ သူတို့က ဦးတည်ပြီး သွားနေ ကြတာဆိုတော့ အလုပ်သမားရဲ့ အနိမ့်ဆုံး လုပ်ခလစာကိစ္စကို သမဂ္ဂအဖွဲ့ချုပ် တော်တော်များများက ပြောဆိုခြင်း မရှိတဲ့အချိန်မှာ ဒီစစ်တပ်က ပြောင်းလဲမယ်ဆိုတာကတော့ အရမ်းကြီးတော့ အများကြီး ပြောင်းလဲသွား မယ်လို့ တော့ ကျမ မထင်ဘူး”ဟု ပြောသည်။

၂၀၁၃ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းထားသည့် အနည်းဆုံး အခကြေးငွေ ဥပဒေရှိ ပုဒ်မ ၅(ဇ) တွင် အနည်းဆုံး လုပ်ခ လစာအား ၂ နှစ်တကြိမ် ပြင်ဆင်သတ်မှတ်ရမည်ဟူ၍ ပါရှိသော်လည်း လက်ရှိတွင် အနည်းဆုံး အခြေခံ လုပ်ခ လစာအား မပြင်ဆင်သည်မှာ ၄ နှစ်ခန့် ရှိပြီဖြစ်သည်။